MT News
Written by Nay Aung
ထိုင်းရဲတပ်ဖွဲ့သည် ဇူလိုင် ၄ ရက်နေ့တွင် ခင်ပွန်းဖြစ်သူကို ဓားဖြင့်ထိုးသတ်ခဲ့သော မြန်မာအမျိုးသမီးတစ်ဦးကို နေအိမ်၌ ဖမ်းဆီးခဲ့ကြောင်း သတင်းထုတ်ပြန်လိုက်သည်။
ချင်းမိုင်ပြည်နယ် Fang ရဲစခန်းမှ ရဲမှူးကြီး Kriengsak Wonguthai ဦးဆောင်သောရဲတပ်ဖွဲ့သည် လူသတ်မှုဖြစ်ပွားခဲ့သော ချင်းမိုင်ပြည်နယ် Fang ဒေသ၊ Ban Huai Mae Iang ကျေးရွာရှိ အိမ်ကိုသွားရောက်စစ်ဆေးခဲ့ရာ အသက် ၃၀ အရွယ် မြန်မာနိုင်ငံသား Mr. Khamlu Chiamlai ကို ဝမ်းဗိုက်တွင် ဓားဒဏ်ရာများဖြင့် သွေးအိုင်ထဲတွင် လဲကျသေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။
ဇနီးဖြစ်သော အသက် ၃၀ အရွယ်ရှိ Mrs. Soi Chiamlai ဆိုသူကို သေဆုံးနေသော ခင်ပွန်းရုပ်အလောင်းနားတွင် မတ်တပ်ရပ်ကာ ဓားကိုင်ထားသောပုံစံမျိုးဖြင့် တွေ့မြင်ရပြီး ရဲတပ်ဖွဲ့ထံတွင် အဖမ်းခံခဲ့ကြောင်း သိရသည်။
အသက် ၃၀ အရွယ်ရှိ မြန်မာအမျိုးသမီးက ၎င်းနှင့်ခင်ပွန်းဖြစ်သူတို့သည် ထိုင်းနိုင်ငံတွင်အလုပ်လုပ်ရန်အတွက် လာရောက်ခဲ့သူများဖြစ်ပြီး ငါးနှစ်ကျော်ကြာအတူနေထိုင်ခဲ့ကာ တစ်ဦးနှင့်တစ်ဦး ချစ်ခင်မြတ်နိုးကြသဖြင့် တစ်ဦးအခက်အခဲကို တစ်ဦးက ကူညီပေးခြင်းများရှိခဲ့ကြောင်း ပြောဆိုသည်။ သို့သော်လည်း ခင်ပွန်းဖြစ်သူသည် အိမ်ထောင်ရေးဖောက်ပြန်မှုများရှိလာခဲ့ပြီး ချစ်ကြိုက်နေသော အမျိုးသမီးကို ဇနီးအဖြစ်ပေါင်းသင်းရန် အိမ်ကိုခေါ်လာမည်ဟု ပြောဆိုရာမှ စကားများရန်ဖြစ်ခဲ့ကြောင်း၊ ခင်ပွန်းဖြစ်သူ၏ပြောဆိုမှုကို စိတ်ဆိုးဒေါသဖြစ်သည့်အတွက် အနားရှိသော ဓားဖြင့်ထိုးရန် ကြိုးပမ်းခဲ့ပြီး ဝမ်းဗိုက်ကိုဓားဖြင့် ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာအမျိုးသမီးက ထုတ်ဖော်ဝန်ခံခဲ့သည်။
အဆိုပါ မြန်မာအမျိုးသမီးသည် ထိုင်းနိုင်ငံသို့ တရားဝင်ခွင့်ပြုချက်မရှိဘဲ လာရောက်နေထိုင်သည့်အပြင် လူသတ်မှုကျူးလွန်သည်ဆိုသော စွဲချက်များကိုရင်ဆိုင်ရမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ Fang ဒေသရဲစခန်းမှ တာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုထားသည်။
Ref-thairath