◾ ထိုင်းဝန်ကြီးချုပ်အသစ်အတွက် မဲပေးရွေးချယ်ပွဲ ဇူလိုင်လ ၁၃ ရက်တွင်ကျင်းပမည်
၅.၇.၂၀၂၃
Translated by Htwe Ko Tun
ထိုင်းနိုင်ငံတွင် မေလ ၁၄ ရက်က ကျင်းပခဲ့သော အထွေထွေ ရွေးကောက်ပွဲပြီးနောက် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်အသစ်နေရာအတွက် မျှော်မှန်းလျက်ရှိသော မဲအများဆုံးရ Move Forward Party(MFP) ပါတီ၏ခေါင်းဆောင် ပီတာ လင်ဂျာရွန်နတ်မှာ ဆန့်ကျင်ကန့်ကွက်မှုအမျိုးမျိုးနှင့်လည်း ရင်ဆိုင်ခဲ့ရပြီး ဇူလိုင်လ ၄ ရက်တွင် ကျင်းပခဲ့သော ၂၆ ကြိမ်မြောက် အောက်လွှတ်တော်၏ ပထမအကြိမ် အစည်းအဝေးပြီးနောက်တွင်လည်း ၎င်း၏ ဝန်ကြီးချုပ်ဖြစ်ရေးမျှော်လင့်ချက်က မရေမရာဖြစ်ဆဲပင်ရှိသည်ဟု ဆိုကြသည်။
ရွေးကောက်ပွဲတွင် မဲအများဆုံးရခဲ့ကြသည့် ပါတီနှစ်ခုဖြစ်သော MFP ပါတီနှင့် ဖျူထိုင်းပါတီတို့၏ ဇူလိုင်လ ၃ ရက်ညတွင် သဘောတူညီမှုအရ ဇူလိုင်လ ၄ ရက်တွင် ကျင်းပသော ၂၆ ကြိမ်မြောက် အောက်လွှတ်တော်အစည်းအဝေးတွင် အောက်လွှတ်တော်ဥက္ကဋ္ဌနေရာအတွက် အဆိုပြုခဲ့သော Prachachat Party ပါတီ၏ခေါင်းဆောင် မစ္စတာ ဝန် မူဟာမတ် နော်မာသာ အား လွှတ်တော်စည်းမျဉ်းများအရ အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ်တင်မြှောက်ခံခဲ့ရသည်။
၎င်းက ထိုနေရာအတွက် တစ်ဦးတည်းသော အဆိုပြုခံရသူ လည်း ဖြစ်သည်။ အောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌနှစ်နေရာအတွက်ကိုမူ အဆိုပြုမဲခွဲခဲ့ရာ MFP ပါတီက ပထမ ဒုတိယဥက္ကဋ္ဌနေရာနှင့် ဖျူထိုင်းက ဒုတိယဥက္ကဋ္ဌနေရာများ ရခဲ့ကြသည်။
ထို့နောက်တွင်မူ အောက်လွှတ်တော်နှင့် အထက်လွှတ်တော်အမတ်များပူးတွဲ၍ ဝန်ကြီးချုပ်အသစ်နေရာကို အဆိုပြုထားသည့် ပီတာအား မဲပေးမှုကိုလည်း ဇူလိုင်လ ၄ ရက်တွင် မပြုလုပ်တော့ဘဲ ရွှေ့ဆိုင်းခဲ့သည်။ အောက်လွှတ်တော်အသစ်၏ ဥက္ကဋ္ဌဖြစ်လာသော မစ္စတာ ဝန်နော်က ပီတာ လင်ဂျာရွန်နတ်အား ဝန်ကြီးချုပ်အဖြစ် အောက်လွှတ်တော်နှင့်အထက်လွှတ်တော်အမတ်များ၏ ပူးတွဲမဲပေးရွေးချယ်မှုကို ဇူ လိုင်လ ၁၃ ရက်တွင် ပြောင်းရွှေ့ပြုလုပ်သွားမည်ဟု ဇူလိုင်လ ၅ ရက်တွင် တရားဝင်ကြေညာခဲ့သည်။
MFP ဦးဆောင်သော ရှစ်ပါတီမဟာမိတ်အဖွဲ့က အောက်လွှတ်တော်တွင် အမတ် ၃၁၂ နေရာရထားရာ ဝန်ကြီးချုပ်အဖြစ်တင်မြှောက်ခံရရန်လိုအပ်သော အမတ် ၃၇၆ နေရာပြည့်ရန် ပီတာအဖို့ အထက်လွှတ်တော် အမတ် ၂၅၀ မှ နောက်ထပ် အနည်းဆုံး ၆၄ ဦး၏ထောက်ခံမှုကိုလိုအပ်နေသည်။ သို့ရာတွင် MFP ပါတီအနေဖြင့် တော်ဝင်မိသားစုအား ဝေဖန်တိုက်ခိုက်မှုကို အရေးယူအပြစ်ပေးနိုင်သည့်ဥပဒေအား ပြင်ဆင်လိုသည့် ၎င်း၏ဆန္ဒအပေါ် အထက်လွှတ်တော်အမတ်အများစု၏ မလိုလားမှုနှင့်ရင်ဆိုင်နေရသည်။ ထို့အတူ စီးပွားရေးလုပ်ငန်းရှင်ကြီးများကလည်း ၎င်းတို့လုပ်ငန်းများကိုထိခိုက်လာစေမည့် MFP ပါတီ၏ ပြောင်းလဲမှုအစီအစဉ်များအပေါ် မလိုမလားဖြစ်နေကြသည်ကိုတွေ့ရပြန်သည်။
အဓိကအားဖြင့်မူ ထိုင်းတပ်မတော်အား ပြုပြင်ပြောင်းလဲရေးလုပ်သွားမည်ဆိုသည့် ပီတာ၏ ပြောကြားချက်ဖြစ်သည်။ ၎င်းက ထိုအချက်ကိုရွေးကောက်ပွဲနိုင်ပြီးသည်မှစ၍ ပြောကြားလာခဲ့ရာ ဝန်ကြီးချုပ်ဟောင်း ပရာယွတ်ကလည်း ထိုအချက်ကို လက်မခံနိုင်ကြောင်း တုံ့ပြန်ခဲ့သေးသည်။
ဇူလိုင်လ ၃ ရက် အောက်လွှတ်တော်အစည်းအဝေးမစတင်ခင်တွင်လည်း ပီတာက ထိုအချက်ကို ထပ်မံပြောခဲ့ပြန်သည်။ အထက်လွှတ်တော်အမတ် ၂၅၀ က ပရာယွတ်က ရွေးချယ်ခန့်ထားခဲ့သောအမတ်များဖြစ်ရာ တပ်လိုလားသူများသာဖြစ်ကြပြီး ပီတာ၏ပြောကြားချက်များနောက်တွင် အထက်လွှတ်တော်အမတ်များက လက်မခံ ဆန့်ကျင်မှုများပို၍ များလာသည်ကို တွေ့ရသည်။
ထိုမျှမက ပီတာအဖို့ ၎င်း၏ဝန်ကြီးချုပ်ဖြစ်ရန် မျှော်မှန်းချက်က ပါလီမန်အပြင်ဘက်တွင်လည်း စိမ်ခေါ် မှုများနှင့်ရင်ဆိုင်နေရသည်။ ပီတာက လုပ်ငန်းလည်ပတ်ခြင်းမရှိတော့သော မီဒီယာကုမ္ပဏီတစ်ခု၏ အစုရှယ်ယာများပိုင်ဆိုင်ခဲ့မှုကြောင့်လည်း ဝန်ကြီးချုပ်နေရာအတွက် ကိုက်ညီခြင်းမရှိဟု စွပ်စွဲတိုင်ကြားချက်များကို ရွေးကောက်ပွဲကော်မရှင်က စုံစမ်းစစ်ဆေးလျက်လည်းရှိသေးသည်။ ထိုင်းနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုလွှတ်တော်အမတ်များနှင့် ဝန်ကြီးချုပ်တာဝန်ယူမည့်သူတို့က မီဒီယာလုပ်ငန်းများတွင် အစု ရှယ်ယာ ပိုင်ဆိုင်ခွင့်မရှိပေ။
MFP က ရွေးကောက်ပွဲတွင်အနိုင်ရသည်ဆိုသော်လည်း မဲအများဆုံးရရှိခြင်းသာဖြစ်၍ အစိုးရဖွဲ့နိုင်ရန် လိုအပ်သော အထက်လွှတ်တော်အမတ်များ၏ ထောက်ခံမှုက ယုတ်လျော့လျက်ရှိသည်ဟုပင် သုံးသပ်ရရာ နိုင်ငံရေးသုံးသပ်သူများကမူ ပီတာ့အဖို့ ထိုင်းနိုင်ငံဝန်ကြီးချုပ်အသစ်အဖြစ် တာဝန်ယူနိုင်ရေးမှာ အတိအကျ မပြောကြားနိုင်ဘဲ ဝေဝါးလျက်သာရှိသည်ဟုဆိုကြသည်။ အချို့ကဆိုလျှင်မူ ဝန်ကြီးချုပ်ဟောင်း ပရာယွတ်က အထက်လွှတ်တော်၏ထောက်ခံမှုဖြင့် ပါလီမန်တွင် အမတ်နေရာအများစုသာရှိသောအစိုးရ အဖြစ်ပင် ပြန်လည်အာဏာရနိုင်သည်ဟု သုံးသပ်နေကြပေသည်။
Ref-Bangkok Post