၅.၇.၂၀၂၃
Written by Peya
လက်ရုံးရည် နှလုံးရည်နှင့်ပြည့်စုံသူ ရတနာပုံခေတ် မန္တလေးမြို့တော်ဝန် ကောလင်းမြိုစား ရွှေလှံဗိုလ်၏ အုတ်ဂူကို ပြင်ဆင်ရန် လိုအပ်နေကြောင်း အနွယ်တော်တစ်ဦးဖြစ်သူ ပြင်စည်အိမ်တော်မှ ကိုထိပ်တင်စည်သူဟိန်းက MT News သတင်းဌာနသို့ ပြောသည်။
ရွှေလှံဗိုလ်၏ အုတ်ဂူသည် အောင်မြေသာစံမြို့နယ်က ရွှေလှံကျောင်းအနီး တည်ရှိခြင်းဖြစ်ကာ အုတ်ဂူတွင် “မန္တလေးမြို့ ရွှေမြိုတော်ဝန် ရွှေလှံဗိုလ် ကောလင်းမြို့စားမင်း မင်းကြီးမဟာမင်းခေါင်နော်ရထာ ၁၂၀၅ ခုဖွား စနေသား အသက် ခုနစ်ဆယ်၊ ၁၂၇၄ တပေါင်းလဆန်း ၁၀ ရက်နေ့ ဘဝပြောင်းသည်” ဟု ကဗ္ဗည်းစာ ရေးထိုးထားသည်။
“အရင်က ကျောင်းဝန်းဧရိယာမှာ အုတ်ဂူက ရှိပေမယ့် လမ်းကွက်အသစ်တွေချပေးတော့ ရပ်ကွက်ထဲရောက်သွားတာ။ ဘေးနားမှာတော့ ကန်ထရိုက်တိုက်တွေ ဆောက်ထားတာပေါ့။ သင်္ချိုင်းမြေနေရာက ကွက်ကွက်ကလေး ကျန်ခဲ့တာပေါ့။ တော်တော်ပျက်စီးနေတာ။ အခုနောက်ပိုင်း သက်ဆိုင်ရာဆွေမျိုးတွေက မန္တလေးရောက်တဲ့အခါ အမှိုက်တွေဘာတွေ မပစ်ပါနဲ့ဆိုတော့ အခု လောလောဆယ် အမှိုက်တွေတော့ မရှိတော့ဘူးပေါ့။ လွန်ခဲ့တဲ့ သုံးလေးနှစ်ကတော့ တော်တော်ဆိုးတယ်။ အဲ့ဒီ သင်္ချိုင်းပတ်ပတ်လည်ကို အုတ်တံတိုင်း အနိမ့်လေး ရံထားတော့ အမှိုက်ကန် သဘောမျိုး အမှိုက်တွေ ပစ်ခဲ့တာ။ အမျိုးတွေက အမှိုက်တွေ သွားဖယ်ပြီး ဒါ အမှိုက်ကန် မဟုတ်ပါဘူး ကျွန်တော်တို့ ဘိုးဘေးရဲ့ ဂူပါ။ အမှိုက် မပစ်ပါနဲ့ မေတ္တာရပ်ခံထားတော့ အမှိုက်တော့ မရှိတော့ဘူး” ဟု ကိုထိပ်တင်စည်သူဟိန်းက ဆိုသည်။
အဆိုပါ အုတ်ဂူကို ရွှေလှံဗိုလ်၏ ဆွေမျိုးများက စုပြီး ပြုပြင်ကြမည်ဟု သတင်းကြားရကာ အခြေအနေအရပ်ရပ်ကြောင့် မပြင်ဖြစ်သေးဟု သိရသလို အပျက်အစီးအတိုင်း ရှိနေကြောင်းလည်း ၎င်းက ဆိုသည်။
“ရွှေလှံဗိုလ်က အင်္ဂလိပ်ကို ခုခံတိုက်ခိုက်ခဲ့တယ်။ ပြီးတော့ စစ်တွေအထိ နယ်နှင်ဒဏ်ပေးခံရတယ်။ သက်တော် မနည်းကြီးမှ မန္တလေးမှာ ပြန်ပြီးတော့ နေထိုင်ခွင့်ရတယ်။ အဲ့ဒီမှာပဲ သဂြိုလ်လိုက်ရတယ်ပေါ့နော်။ ကိုယ့်အရှင်သခင်ကို သစ္စာရှိတဲ့ မှူးမတ်ကောင်းလို့ ပြောလို့ ရပါတယ်” ဟု ကိုထိပ်တင်စည်သူဟိန်းက ဆိုသည်။