၅. ၇. ၂၀၂၃
Written by Min Mahar
ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးဥက္ကဋ္ဌလည်းဖြစ်သူအား PDF များက သေနတ်ဖြင့်ပစ်သတ်သွားသည့်အပြင် ငွေကျပ်သိန်း ၂၀၊ ဆိုင်ကယ်တစ်စီးနှင့် ဖုန်းတစ်လုံးပါယူဆောင်သွားမှု နွားထိုးကြီးမြို့နယ်တွင် ယမန်နေ့ညဦးပိုင်းကဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ ၄ ရက် ည ၇ နာရီ ၃၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ဖလံကုန်းကျေးရွာတွင်နေထိုင်သည့် အသက် ၅၅ နှစ်အရွယ် ကျေးရွာအုပ်ချုပ်ရေးမှူး (ပြည်ခိုင်ဖြိုးပါတီရပ်/ကျေးဥက္ကဋ္ဌ)သည် နွားထိုးကြီးမြို့နယ်၊ အောင်သာယာကျေးရွာနေ ၎င်း၏အစ်ကိုဖြစ်သူနာရေးသို့ ဆိုင်ကယ်ဖြင့်သွားရောက်ချိန် အောင်သာကျေးရွာအနီးရှိ နွားထိုးကြီး-မလှိုင်သွားကားလမ်းမဘေးသို့ရောက်ရှိစဉ် PDF အဖွဲ့မှ အမည်မသိလူငယ် ၃ ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး ပစ္စတိုဖြင့် ၅ ချက်ခန့် ပစ်ခတ်သွားခဲ့သည့်အပြင် ၎င်းစီးသွားသော ယာယီ ၅၀၆၈၈ နံပါတ်ပါ CLICK အမျိုးအစား အနက်ရောင်ဆိုင်ကယ် ၁ စီး၊ ငွေကျပ်သိန်း၂၀ ခန့်နှင့် OPPO ဖုန်းတစ်လုံးတို့ကိုပါ ယူဆောင်သွားကြောင်း သိရသည်။
အဆိုပါပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးမှူးသည် ယာဘက်နားထင်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဦးခေါင်းနောက်စေ့ဖောက်ဝင်ဒဏ်ရာ ၄ ချက်တို့ဖြင့် နေရာတွင်သေဆုံးသွားခဲ့ပြီး အခင်းဖြစ်နေရာအနီးမှ THAI ARMS ကျည်ခွံ ၅ ခု တွေ့ရှိခဲ့ကြောင်း သိရသည်။