၅. ၇. ၂၀၂၃
Written by Peya
ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့်စေလွှတ်မည့် အလုပ်သမားများအတွက် ပထမဆုံးအကြိမ်အဖြစ် လမ်းညွှန်သင်တန်း စတင်ဖွင့်လှစ်ကြောင်း ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်သည့် အေဂျင်စီများထံက စုံစမ်း သိရှိရသည်။
ထိုင်းနိုင်ငံအတွက် ပြည်ပအလုပ်အကိုင်ဆိုင်ရာ လမ်းညွှန်မှုသင်တန်းကို ဇူလိုင် ၄ ရက်မှစတင်၍ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) မပြုလုပ်မီ တစ်ရက် ကြိုတင်ခေါ်ယူပြီး တစ်ရက်လျှင် လေးကြိမ်၊ တစ်ကြိမ်လျှင် အလုပ်သမားဦးရေ ခန့်မှန်း ၂၀၀ ဖြင့် နှစ်နာရီကြာ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
“မနေ့ကမှ ဖွင့်ပွဲလုပ်သွားတာ။ ကျန်တဲ့ နိုင်ငံတွေ အကုန်လုံးက OWIC ကတ် မလုပ်ခင် ပြည်ပထွက်ခွာဖို့ သင်တန်းပေးတာရှိတယ်။ မလေးရှားတို့၊ စင်္ကာပူတို့ ဘာတို့ သွားမယ့်သူတွေက တက်ရတယ်။ ဒီဟာက ထိုင်း အတွက်။ ကျန်တဲ့ နိုင်ငံတွေက နှစ်ရက်လုပ်တာ။ အခုက တစ်ရက် လုပ်မှာ” ဟု ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သည် အေဂျင်စီတစ်ခုမှ တာဝန်ရှိသူက ဆိုသည်။
ထိုင်းနိုင်ငံ၏ ဘာသာစကား၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများ၊ လုပ်ငန်းခွင်တွင် လုပ်ကိုင်ဆောင်ရွက်ရာ၌ ဥပဒေပါ သိသင့်သိထိုက်သည့် အခြေခံအချက်များနှင့် ဆောင်ရန်/ ရှောင်ရန်အချက်များကို သိရှိနားလည်စေရန် ရည်ရွယ်ပြီး သင်တန်းကို ဖွင့်လှစ်ပို့ချခြင်းဖြစ်ကာ မြန်မာအလုပ်သမားများ၏ လုပ်ခလစာများ တရားဝင်ငွေလွှဲခြင်းဆိုင်ရာ အသိပညာပေးကိစ္စရပ်များကိုပါ ထည့်သွင်းပို့ချသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
လုပ်သားများအနေဖြင့် မိမိအား တာဝန်ယူစေလွှတ်သည့် ပြည်ပအလုပ်အကိုင်အေဂျင်စီ၏ အမည်နှင့်ဖုန်းနံပါတ်များ၊ သွားရောက်လုပ်ကိုင်မည့် စက်ရုံအမည်၊ လိပ်စာ၊ အလုပ်သမား သံအရာရှိများ၏ ဖုန်းနံပါတ်များ၊ လုပ်ငန်းခွင်အတွင်း ကြီးကြပ်သူများ၏ အမည်၊ ဖုန်းနံပါတ်များကို သိရှိအောင်ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ ပြည်ပလုပ်ငန်းခွင်သို့ ရောက်ရှိပြီး လုပ်ခလစာရရှိပါက မိသားစုလွှဲပို့ငွေများ ပုံမှန်လွှဲပို့နိုင်ရေး ကြိုးစားဆောင်ရွက်ရန်လိုအပ်ပြီး တရားဝင်လွှဲပို့နိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ လုပ်ငန်းခွင်အတွင်း သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ စည်းကမ်းရှိစွာ နေထိုင်လုပ်ကိုင်ရန်လိုအပ်ကြောင်း ယမန်နေ့က ပြုလုပ်သည့် အဆိုပါ သင်တန်း ဖွင့်ပွဲ အခမ်းအနားတွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြောသည်။