MT News
Written by Min Mahar
နေအိမ်အတွင်း မိသားစုနှင့်အတူရှိနေသော ကျေးရွာအုပ်ချုပ်ရေးမှူးမိသားစုထံ PDF ခြောက်ဦး ရောက်လာပြီး “ဒလန်သားအဖသေဖို့သာပြင်” ဟု ပြောကာ သားအဖနှစ်ဦးကို သတ်ဖြတ်ခဲ့သည့်အပြင် သားတစ်ဦးကိုပါဖမ်းဆီးခေါ်ဆောင်သွားမှု မြင်းခြံမြို့နယ်တွင် ယမန်နေ့မနက်ပိုင်းကဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇူလိုင် ၃ ရက်နေ့)မနက် ၆ နာရီ ၁၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ နဘူးအိုင်ကျေး ရွာအုပ်စု၊ ရွှေပေါ်ကျွန်းကျေးရွာတွင်နေထိုင်သည့် အသက် ၅၆ နှစ်အရွယ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုးသည် ဇနီးဖြစ်သူနှင့်သားသုံးဦးဖြင့်နေအိမ်အတွင်းရှိနေစဉ် ဆိုင်ကယ် ၃ စီးဖြင့် PDF ခြောက်ဦးက သေနတ်များကိုင်ဆောင်ကာ နေအိမ်ခြံဝင်းအတွင်းမောင်းနှင်ဝင်ရောက်လာသဖြင့် ၎င်းတို့မိသားစုမှ နေအိမ်တံခါးအားသော့ပိတ်ကာ ပုန်းအောင်းနေခဲ့ရာ PDF များကနေအိမ်သစ်သားပြတင်းပေါက်များကို ရိုက်ချိုးလိုက်သည့်အခါ ပွင့်ထွက်သွားသော ပြတင်းပေါက်မှတစ်ဆင့်အတွင်း၌ ပုန်းနေသည့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အသက် ၁၈ နှစ်အရွယ်သားလတ်တို့အားတွေ့ရှိသွားကာ”ဒလန်သားအဖသေဖို့သာပြင်”ဟု ပြောဆိုပြီး သေနတ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည့်အပြင် နေအိမ်မှပြန်အထွက်တွင် အသက် ၂၀ အရွယ် သားအကြီးဖြစ်သူ(ပြည်ခိုင်ဖြိုးပါတီ၊မြင်းခြံမြို့နယ်လူငယ်အဖွဲ့ဝင်) အား တွေ့ရှိပြီး ဖမ်းဆီးခေါ်ဆောင်ကာ ကျေးရွာမြောက်ဘက်လမ်းအတိုင်း နဘူးအိုင်ကျေးရွာဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။
အဆိုပါသေနတ်ဖြင့်ပစ်ခတ်သွားမှုကြောင့် အုပ်ချုပ်ရေးမှူးသည် ဝဲဘက်လက်ကောက်ဝတ်ဖောက်ဝင်/ထွက်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်ဝမ်းဗိုက်ကိုလည်း ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာဘက်ဝမ်းဗိုက် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်ပုခုံးကို ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာဘက်ပုခုံး ပွင့်ထွက်ဒဏ်ရာ ၁ ချက်နှင့် သားဖြစ်သူတွင်မူ ဝဲဘက်မျက်စိဘေး ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာဘက်နားထင်ကို ဖောက်ထွက်ဒဏ်ရာ ၁ ချက်တို့ဖြင့် အခင်းဖြစ်စဉ်နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားသည့်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကာ အခင်းဖြစ်စဉ်မှ M-22 ကျည်ခွံ ၄ ခွံ တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။