၅. ၇. ၂၀၂၃
Written by Thettant
၂၀၂၃ အာဆီယံ အမျိုးသမီး ယူ-၁၉ ပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ ပလမ်ဘန်းမြို့တွင် ဇူလိုင် ၅ ရက်မှ ၁၇ ရက်ထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၉ အသင်းသည် ဇူလိုင် ၈ ရက် မြန်မာစံတော်ချိန် ည ၇ နာရီတွင် ဖိလစ်ပိုင်အသင်းနှင့်လည်းကောင်း ဇူလိုင် ၁၀ ရက် မြန်မာစံတော်ချိန် ည ၇ နာရီတွင် ထိုင်းအသင်းနှင့်လည်းကောင်း ကစားရမည်ဖြစ်သည်။
ပြိုင်ပွဲကို အုပ်စုသုံးခုခွဲထားပြီး အုပ်စုသုံးခုမှ အုပ်စုပထမရ သုံးသင်း၊ အကောင်းဆုံး အုပ်စုဒုတိယတစ်သင်း၊ စုစုပေါင်း လေးသင်းမှာ ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်မည်ဖြစ်သည်။
ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဇူလိုင် ၁၃ တွင် ကျင်းပမည်ဖြစ်ပြီး အုပ်စု (ခ) ပထမနှင့် အုပ်စု (ဂ) ပထမ၊ အုပ်စု (က) ပထမနှင့် အကောင်းဆုံး အုပ်စုဒုတိယ အသင်းတို့ ကစားကြရမည်ဖြစ်သည်။ တတိယလုပွဲနှင့် ဗိုလ်လုပွဲကို ဇူလိုင် ၁၅ တွင် ကျင်းပမည်ဖြစ်သည်။
အုပ်စု မဲခွဲမှုအရ အုပ်စု (က) တွင် အိမ်ရှင် အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ လာအို၊ တီမောအသင်းတို့ ကျရောက်နေပြီး အုပ်စု (ခ)တွင် ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ အသင်းတို့ ကျရောက်လျက်ရှိသည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၉ အသင်းသည် ၂၀၂၃ အာဆီယံ အမျိုးသမီး ယူ-၁၉ ပြိုင်ပွဲ အုပ်စု (ဂ) တွင် ထိုင်း၊ ဖိလစ်ပိုင်အသင်းတို့နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၉ အသင်းသည် ၂၀၂၃ အာဆီယံ အမျိုးသမီး ယူ-၁၉ ပြိုင်ပွဲဝင်ရန်အတွက် အင်ဒိုနီးရှားနိုင်ငံသို့ ဇူလိုင် ၄ ရက် နံနက်အစောပိုင်းက ထွက်ခွာခဲ့သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၉ အသင်းတွင် အုပ်ချုပ်/နည်းပြ ၁၀ ဦး၊ ကစားသမား ၂၂ ဦး၊ စုစုပေါင်း ၃၂ ဦး လိုက်ပါသွားသည်။