၅. ၇. ၂၀၂၃
Written by Nay Moe
ရန်ကုန်မြို့မှာ မနေ့ည ဇူလိုင် ၄ ရက်ညက မြို့နယ် ၁၀ ခုအထက် ဗုံးဖောက်ခွဲခံရတယ်လို့ မြို့နေပြည်သူလူထုဆီက ကြားသိရပါတယ်။
ည ၈ နာရီလောက်ကစပြီး ရန်ကုန်တိုင်း၊ မြောက်ဒဂုံ၊ မရမ်းကုန်း၊ အင်းစိန်၊ လှိုင်သာယာ၊ လှိုင်၊ အရှေ့ဒဂုံ၊ သင်္ဃန်းကျွန်း၊ ဗဟန်း၊ တောင်ဒဂုံ၊ တောင်ဥက္ကလာ၊ သန်လျင်၊ သာကေတ၊ မြောက်ဥက္ကလာ၊ ရွှေပြည်သာနဲ့ မင်္ဂလာဒုံမြို့နယ်တွေမှာ ပေါက်ကွဲမှုဖြစ်ခဲ့သလို ဗိုလ်တထောင်ရဲစခန်းအနီးအမျိုးသားစီမံခန့်ခွဲရေးကောလိပ် အုတ်တံတိုင်းပေါ်မှာလည်း အရိပ်မဲ့ PDF အဖွဲ့ထောင်ထားတဲ့ လက်လုပ်ဗုံးကို လခရတွေက သက်မဲ့ပြုလုပ် ဖျက်ဆီးလိုက်ရသေးတယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဒီပေါက်ကွဲမှုတွေထဲမှာ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ တောင်ဥက္ကလာပနဲ့ ဗဟန်းမြို့နယ်တွေက ပေါက်ကွဲမှုတွေမှာ လူ၊ ပစ္စည်းထိခိုက်မှုမရှိဘူးလို့ သိရပြီး ကျန်တဲ့မြို့နယ်တွေမှာတော့ ထိခိုက်မှုရှိ မရှိ ဆက်လက်စုံစမ်းနေပါတယ်။
လတ်တလောမှာဆို လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ ၅ ထိပ်ကားမှတ်တိုင်အနီးမှာ ည ၉ နာရီခန့်က ပေါက်ကွဲမှုတစ်ကြိမ်၊ ည ၉ နာရီ ၁၅ မိနစ်လောက်မှာပဲ ပထမပေါက်ကွဲတဲ့နေရာကနေ ပေ ၅၀ ခန့်အကွာမှာ ဒုတိယပေါက်ကွဲမှုဖြစ်ခဲ့သလို အဲဒီနေရာနားရှင်လင်းချိန်မှာပဲ မပေါက်ကွဲသေးတဲ့ဗုံးထပ်တွေ့တာကြောင့် ည ၁၀ နာရီခွဲလောက်မှာ ဖောက်ခွဲခဲ့ရပါသေးတယ်။
တောင်ဥက္ကလာပမြို့နယ်ကတော့ သစ္စာလမ်းပေါ်က မြို့နယ်တရားရုံးရှေ့ နှစ်ကြိမ်ပေါက်ကွဲသလို ဗဟန်းမြို့နယ်ကတော့ ဗိုလ်ချို (၁) ရပ်ကွက်၊ ဝင်္ဂဘာလမ်းရှိမြို့နယ် လဝကရုံးဝင်/ထွက်ပေါက်အနီးမှာ ပေါက်ကွဲမှုဖြစ်တာပါလို့ ကနဦးသိရပါတယ်။
ဒီတိုက်ခိုက်မှုတွေထဲက ဗဟန်းမြို့နယ် ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဦးစီးဌာန၊ တောင်ဥက္ကလာပမြို့နယ်တရားရုံး ၊ လှိုင်သာယာမြို့နယ် အရှေ့ပိုင်းရဲစခန်းနဲ့ သန်လျင်မြို့နယ် တပင်ရွှေထီးလမ်းမက လခရ စစ်ဆေးရေးစခန်းနေရာတွေကိုတော့ ဗုံး ၁၂ လုံးသုံးပြီး Anonymous Fighters Force -AFF က ဦးဆောင်မှုအောက်မှာ Freeland Attack Force-FLA ၊ Phoenix Urban Guerrilla Force ၊Emerald Girls Army – EGA ၊Rangoon Urban Force တို့က ပူးပေါင်း ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။
မြန်မာနိုင်ငံဟာ ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာတဝှမ်းနိုင်ငံတွေထဲ အကြမ်းဖက်မှု သက်ရောက်မှုဒဏ်ကို အဆိုးရွားဆုံးခံရတဲ့ ထိပ်ဆုံး ၁၀နိုင်ငံထဲပါခဲ့တယ်လို့ သြစတြေးလျအခြေစိုက် ကမ္ဘာ့ Think Tank အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Institute for Economics and Peace (IEP) က ပြောထားပြီး ရန်ကုန်ဟာ အကြမ်းဖက်မှုအားလုံးရဲ့ ဗဟိုချက်ဖြစ်သလို PDF တွေရဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေကြောင့် နိုင်ငံရေးအကျဥ်းသားတွေမိခင်အများအပြားသေဆုံးခဲ့ရတဲ့ ဖြစ်စဥ်တွေရှိခဲ့သလို ISP စစ်တမ်းအရလည်း SAC ကြောင့် ထိခိုက်သေဆုံးသူက ၂၀၀၀ ကျော်ပဲရှိပြီး NUG,PDF နဲ့ EAOs တွေကြောင့် သေဆုံးရသူတွေကတော့ ၆၀၀၀ ကျော် ရှိနိုင်တဲ့သဘောသက်ရောက်တဲ့သုတေသနကိုလည်း ပြီးခဲ့တဲ့ဇွန်လကုန်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါသေးတယ်။
NUG, PDF တွေအနေနဲ့ ၂၀၂၃ ဟာ အဆုံးသတ်အတွက် အဆုံးအဖြတ်နှစ်ဆိုပြီး ကြွေးကြော်ထားတဲ့အတွက် နှစ်ကုန်ပိုင်းနီးလေ၊ တိုက်ခိုက်မှုအရှိန်မြှင့်နေပြီး လက်ရှိ တစ်ချိန်တည်း၊ တစ်ပြိုင်တည်းတိုက်ခိုက်မှုတွေကို မြို့တွေအများအပြားမှာ ရက်သတ်မှတ်လုပ်ဆောင်ဖို့ ပြင်ဆင်နေသလို အဲဒီလိုတိုက်ခိုက်ဖို့အတွက်လည်း ကျည်ဆံတွေ၊ ဗုံးတွေဝယ်ယူဖို့ အလှုခံတာ၊ စုဆောင်းတာတွေ တစ်ပြိုင်နက်လုပ်ဆောင်နေကြတယ်လို့လည်း ကြားသိရပါတယ်။