၄. ၇. ၂၀၂၃
Written by Nay Aung
စင်ကာပူအစိုးရအနေဖြင့် လက်ရှိအချိန်တွင် မြန်မာနိုင်ငံအပေါ် အထွေထွေကုန်သွယ်မှု ပိတ်ပင်ကန့်သတ်ခြင်းများ လုပ်ဆောင်မည်မဟုတ်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Dr Vivian Balakrishnan က ထုတ်ဖော်ပြောဆိုလိုက်သည်။
စင်ကာပူနိုင်ငံခြားရေးဝန်ကြီးသည် စင်ကာပူလွှတ်တော်ကိုယ်စားလှယ်များဖြစ်သော Mr Dennis Tan Lip Fong၊Mr Vikram Nair၊ နှင့် Dennis Tan Lip Fong တို့၏ မြန်မာနိုင်ငံအပေါ် စစ်လက်နက်ပစ္စည်းများတင်သွင်းမှုများနှင့်ပတ်သက်ပြီး စင်ကာပူအစိုးရ၏ဆောင်ရွက်မှုများအပေါ် မေးခွန်းထုတ်ခဲ့ချိန်တွင် တုံ့ပြန်ဖြေဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စင်ကာပူအစိုးရ၏မူဝါဒရေးရာရည်ရွယ်ချက်များထဲတွင် မြန်မာနှင့်ပြုလုပ်နေသော တရားဝင်ကုန်သွယ်မှုများကို တားဆီးပိတ်ပင်ရန် ရည်ရွယ်ချက်မရှိကြောင်း၊ မြန်မာနိုင်ငံနှင့်ကုန်သွယ်မှုများကို တားဆီးပိတ်ပင်မည်ဆိုလျှင် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနောက်ကျသွားမည်ဖြစ်သလို ပြည်သူများ အခက်ခဲဖြစ်ရမှု ပိုမိုမြင့်တက်လာနိုင်ဖွယ်ရှိနေကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးကပြောသည်။
၎င်းက ” စင်ကာပူအစိုးရဟာ မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှုတွေကို ပိတ်ပင်ကန့်သတ်တာမျိုးလုပ်ဖို့ ရည်ရွယ်ချက်မရှိဘူးဆိုတာကို ရှင်းရှင်းလင်းလင်းသိထားစေချင်တယ်။ကျွန်တော်တို့ဟာ ကုန်သွယ်မှုလုပ်ဆောင်တာတွေကို တားဆီးပိတ်ပင်လိုက်မယ်ဆိုရင် မြန်မာပြည်သူတွေ ထပ်မံပြီးအခက်အခဲဖြစ်ရတာမျိုး မလိုလားဘူး “ဟုပြောသည်။
စင်ကာပူနှင့် မြန်မာနိုင်ငံကြား အပြန်အလှန်ကုန်သွယ်မှုသည် ၂၀၂၂ ခုနှစ်အတွင်း စင်ကာပူဒေါ်လာ ၅ ဒသမ ၈ ဘီလျံအထိရှိခဲ့ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စင်ကာပူအစိုးရအနေဖြင့် ပြီးခဲ့သောနှစ်များအတွင်း မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ တင်ပို့ရောင်းချခြင်းမျိုးမလုပ်ဆောင်ရန် သတ်မှတ်ထားကြောင်း၊မြန်မာနိုင်ငံအပေါ် စစ်လက်နက်ပစ္စည်းများရောင်းချခြင်းများ လုပ်ဆောင်နေသည့် လူပုဂ္ဂိုလ် တစ်ဦးချင်းဖြစ်စေ၊ ကုမ္မဏီအဖွဲ့စည်းဖြစ်စေ အရေးယူရန် သည်းခံနေမည်မဟုတ်ကြောင်း ၎င်းကပြောသည်။ မြန်မာနိုင်ငံကို စစ်လက်နက်တင်သွင်းရာမှာ စင်ကာပူ ကုမ္ပဏီ ၄၇ ခု ပါဝင်ပတ်သက်နေကြောင်း မြန်မာလူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ကအန်ဒရူးက မကြာသေးမီက ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် နောက်ထပ် ကုမ္ပဏီ ၉၁ ခုကို ထပ်မံဖော်ထုတ်တွေ့ရှိရကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုထားသည်။
စင်ကာပူအစိုးရအနေဖြင့် မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်းများ လွှဲပြောင်းပေးနေသည့်ကုမ္မဏီများနှင့် ငွေကြေးလွှဲပြောင်းမှုများတွင် ပါဝင်နေသော ကုမ္မဏီများကို စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
Ref– mfa.gov