၄. ၇. ၂၀၂၃
Written by Pan Ei
ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်းမှာ ဇိမ်ခံအိမ်ကြီး ဆောက်လုပ်စဉ်အတွင်း သဘာဝပတ်ဝန်းကျင် စည်းမျဥ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့တဲ့အတွက် ဘောလုံးကြယ်ပွင့် နေမာကို အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၃ သန်း ဒဏ်ရိုက်ခဲ့တယ်လို့ ဘရာဇီးအာဏာပိုင်တွေက တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။
သူ့ရဲ့အိမ်မှာ ထည့်သွင်းတည်ဆောက်နေတဲ့ ဇိမ်ခံပရောဂျက်တွေမှာ ရေချိုအရင်းအမြစ်တွေ၊ ကျောက်နဲ့သဲတွေကို အသုံးပြုခြင်းနဲ့ ရွှေ့ပြောင်းခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့တယ်လို့ ဒေသဆိုင်ရာအာဏာပိုင်တွေက ပြီးခဲ့တဲ့လနှောင်းပိုင်းက ပထမဆုံးစွပ်စွဲခဲ့တာဖြစ်ပြီး မနေ့ကတော့ အတည်ပြုကာ ဒဏ်ငွေချမှတ်ခဲ့တာပါ။
နေမာရဲ့ နေအိမ်ဟာ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုပြည်နယ် တောင်ပိုင်းကမ်းရိုးတန်းမှာရှိတဲ့ မန်ဂါရာတီဘာမြို့မှာ တည်ရှိပါတယ်။ မန်ဂါရာတီဘာမြို့ရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ ထုတ်ပြန်ချက်အရ အဲ့ဒီအိမ်အတွင်း ရေကန်တစ်ခုကို ဆောက်လုပ်ရာမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
နေမာရဲ့ အမှုကို ဒဏ်ကြေးငွေအပြင် ဒေသဆိုင်ရာ ရှေ့နေချုပ်ရုံး၊ ပြည်နယ်အရပ်ဘက် ရဲတပ်ဖွဲ့နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံးတို့ အပါအဝင် အခြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေကပါ စစ်ဆေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
Ref; Reuters