၄. ၇. ၂၀၂၃
Translated by Htwe Ko Tun
ရုရှားနိုင်ငံ၊ မြို့တော်မော်စကိုအနီးတွင် မောင်းသူမဲ့လေယာဉ်များကို ဇူလိုင်လ ၄ ရက် နံနက်က ပစ်ချနိုင်ခဲ့ကြောင်း ရုရှားအရေးပေါ် လုပ်ငန်းများဌာန၊ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဇူလိုင်လ ၄ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။
မော်စကိုမြို့အနီးရှိ ဗာလူရီဗိုကျေးရွာအနီးတွင် ဇူလိုင်လ ၄ ရက်နံနက်ကပင် မောင်းသူမဲ့လေယာဉ် ဒရုန်းနှစ်စီးကိုပစ်ချခဲ့ကြောင်း၊ ထို့ပြင် မော်စကိုမြို့အနောက်ဘက် ၆၃ ကီလိုမီတာအကွာရှိ ကူဘင်ကာမြို့တွင်လည်း ဒရုန်းတစ်စီးကို ပစ်ချခဲ့ကြောင်း ၎င်းကပြောခဲ့သည်။
မော်စကိုမြို့တော်ဝန် ဆာဂျီ ဆိုဗျာနင်ကလည်း ရန်သူ၏ မောင်းသူမဲ့လေယာဉ်တိုက်ခိုက်မှုအားလုံးကို ရုရှား၏ လေကြောင်းရန်ကာကွယ်ရေးစနစ်က တွန်းလှန်တိုက်ခိုက်နိုင်ခဲ့ကြောင်း ပြောခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုများကြောင့် မော်စကိုမြို့၊ ဗီနျူကိုဗို အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေယာဉ်အဆင်းအတက်များ ခေတ္တရပ်ဆိုင်းထားခဲ့မှုကိုလည်း ဇူလိုင်လ ၄ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီတွင် ပြန်လည်ဖြေလျှော့ခွင့်ပြုခဲ့ကြောင်း မြို့တော်ဝန်က ပြောခဲ့သည်။
ထို့ပြင် မော်စကိုမြို့၏ ခရိုင်တစ်ခုဖြစ်သော နယူးမော်စကိုခရိုင်၏ ခရီဗိုရှီဗိုကျေးရွာတွင်လည်း ရန်သူ၏ မောင်းသူမဲ့လေယာဉ်နှစ်စီးအား ထပ်မံပစ်ချခဲ့ကြောင်း ရုရှားအရေးပေါ်လုပ်ငန်းများဌာန ပြောရေးဆိုခွင့်ရှိသူက ထပ်မံပြောကြားခဲ့သည်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အဆိုပါ မောင်းသူမဲ့လေယာဉ်ဒရုန်းများဖြင့် မော်စကိုနှင့် မော်စကိုဝန်းကျင်ကို အကြမ်းဖက်တိုက်ခိုက်ရန် ဆောင်ရွက်လာမှုကို ချေမှုန်းနိုင်ခဲ့ကြောင်း၊ ဒရုန်းလေးစီးကို လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့်လည်းကောင်း၊ တစ်စီးကို အီလက်ထရောနစ် တန်ပြန်ဆောင်ရွက်မှုဖြင့်လည်းကောင်း ပစ်ချဖျက်ဆီးခဲ့ကြောင်းပြောကြားခဲ့သည်။
Ref—— CNN, Sputnik News