MT News
Written by Nay Moe
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့အတွင်းသို့ PDF များက ဇူလိုင် ၁ ရက်ညပိုင်းတွင် လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၃ ဦးသေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ကောလင်းမြို့အတွင်းနှင့် ကျော်ဇေယျ (၁) ရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအား PDF များက ဇူလိုင် ၁ ရက် ည ၁၂ နာရီ ၂၀ မိနစ်ခန့်တွင် မြို့၏အနောက်ဘက် မီတာ ၅၀၀ ခန့်အကွာမှနေ၍ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည်များသည် ရုံး၏အနောက်တောင်ဘက် မီတာ ၁၅၀ ခန့်အကွာရှိ လူနေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် နေအိမ်အတွင်း အိပ်ပျော်နေသည့် အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် အမျိုးသမီး ၃ ဦး လက်နက်ကြီးကျည်များ ထိမှန်သေဆုံးခဲ့ပြီး အမျိုးသား ၁ ဦး (စိုးရိမ်ရ) ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူအား ကောလင်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ပစ်ခတ်မှုဖြစ်စဥ်တွင် ဒဏ်ရာရရှိသူအမျိုးသားမှာ ဦးမြင့်လွင့်ဆိုသူဖြစ်ကြောင်းနှင့် ပစ်ခတ်သူ PDF များမှာ ကောလင်းမြို့အနီး နတ်ရေတွင်းရွာ အခြေပြုအဖွဲ့ဖြစ်ကြောင်း သိရသည်။
ကောလင်းမြို့သည် PDF များဝန်းရံတိုက်ခိုက်မှုဒဏ် မကြာခဏခံနေရသောအဖွဲ့ဖြစ်ပြီး ဇွန်လ ၂၄ ရက်ကလည်း ကောလင်းမြို့ အရှေ့စျေးအနီးမှ လခရအဖွဲ့ကို The Secret Warriors Kawlin အဖွဲ့ မိုင်းခွဲရာမှ ပြည်သူအမျိုးသမီး ၇ ဦးနှင့် အမျိုးသားတစ်ဦးဒဏ်ရာရ၍ မိုင်းခွဲသည့် PDF အဖွဲ့က တောင်းပန်ခဲ့ရသေးသည်။