၄. ၇. ၂၀၂၃
Written by Min Mahar
ယမန်နေ့မွန်းလွဲပိုင်းက လယ်တောထဲသို့ ဟင်းရွက်သွားခူးသော ကလေးငယ်တစ်ဦးနှင့် အမျိုးသားတစ်ဦးတို့သည် PDF ထောင်ထားသည့် မိုင်းတစ်လုံးနင်းမိကာ ပေါက်ကွဲမှုကြောင့် ဒဏ်ရာများရရှိမှု ရွှေဘိုမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။
ဖြစ်စဉ်မှာ ယန်မန်နေ့ ဇူလိုင် ၃ ရက် မွန်းလွဲ ၁ နာရီခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာတွင် နေထိုင်သည့် အသက် ၄၀ အရွယ် အမျိုးသားနှင့် အသက် ၁၁ နှစ်အရွယ် ကလေးငယ်တို့နှစ်ဦးသည် ကျေးရွာ၏တောင်ဘက် ၁ ဖာလုံခန့်အကွာရှိ လယ်တောထဲသို့ ဟင်းရွက်များခူးရန်သွားရောက်စဉ် လယ်တောစပ်သို့အရောက်၌ PDF အဖွဲ့များထောင်ထားသော လက်လုပ်မိုင်း ၁ လုံးနင်းမိ၍ ထပေါက်ကွဲခဲ့ရာ ၎င်းတို့နှစ်ဦးသည် ဒဏ်ရာများရရှိခဲ့သဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် ရွှေဘိုမြို့ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူနေကြောင်း သိရသည်။
ယင်းပေါက်ကွဲမှုကြောင့် အသက် ၄၀ နှစ်ခန့် အမျိုးသားသည် ယာဘက်ဒူးအထက်ကို မိုင်းစထိမှန်စုတ်ပြဲဒဏ်ရာ ၁ ချက်၊ ယာဘက်ခြေသလုံးမိုင်းစထိမှန်ကာ စုတ်ပြဲသွားသည့်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်ပေါင်ရင်း/ဝဲဘက်ဒူးကိုလည်း မိုင်းစထိမှန်ဒဏ်ရာ ၂ ချက်၊ ဝဲဘက်လက်ခုံပွန်းပဲ့ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)နှင့် အသက် ၁၁ နှစ်အရွယ် ကလေးငယ်တွင်မူ ယာဘက်နားထင် ဖူးရောင်ဒဏ်ရာ ၁ ချက်၊ ရင်ဘတ်ကို မိုင်းစထိမှန်သွားသည့်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ) စသည့်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။