၄. ၇. ၂၀၂၃
Written by Pan Ei
၂၀၁၈ ခုနှစ်က စင်ကာပူနိုင်ငံမှာ အလုပ်ရှင်ရဲ့ အသက် ၇၀ အရွယ် ယောက္ခမဖြစ်သူကို ဓားဒဏ်ရာ ၂၆ ချက်နဲ့ သ-တ်ဖြတ်ခဲ့တဲ့ မြန်မာအိမ်အကူအမျိုးသမီး ဇင်မာနွယ်ကို ဒီနေ့ (ဇူလိုင် ၄ ရက်) မှာ ထောင်ဒဏ်တစ်သက် တစ်ကျွန်း ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
ပြစ်မှုကျူးလွန်ခဲ့စဉ်တုန်းက သူမဟာ အသက် ၁၈ နှစ် မပြည့်သေးတဲ့အတွက် ချမှတ်နိုင်တဲ့ တစ်ခုတည်းသော ပြစ်ဒဏ်ဟာ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ဖြစ်တယ်လို့ တရားသူကြီးက ပြောကြားခဲ့ပါတယ်။
ဇင်မာနွယ်ရဲ့ နိုင်ငံကူးလက်မှတ်မှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ စင်္ကာပူကို ရောက်ရှိစဉ် ၂၃ နှစ်လို့ ရေးသားထားပေမဲ့ ဆေးရုံမှာ ပြုလုပ်ခဲ့တဲ့ အရိုး-အသက်စစ်ဆေးမှုအရ အဲ့ဒီအချိန်တုန်းက သူမဟာ အသက် ၁၇ နှစ်သာရှိသေးတယ်ဆိုတာ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ စုံစမ်းစစ်ဆေးမှုတွေအရ သူမရဲ့ အလုပ်အေးဂျင့်က အသက်ကို ၂၃ နှစ်လို့ လိမ်ခိုင်းခဲ့တာကြောင့်လို့ သိရပါတယ်။
မြန်မာနိုင်ငံကနေ စင်ကာပူကို အိမ်အကူအလုပ် သွားရောက်လုပ်ကိုင်ခဲ့တဲ့ ဇင်မာနွယ်ဟာ ၂၀၁၈ ခုနှစ် ဇွန်လမှာ အဆိုပါ အသက် ၇၀ ရွယ် အဘွားအိုက သူမကို သူမရဲ့ ကိုယ်စားလှယ်အေးဂျင့်ထံ ပြန်ပို့မယ်လို့ ခြိမ်းခြောက်တာကြောင့် အဘွားအို တီဗီကြည့်နေချိန် ဓားနဲ့ ထိုးခဲ့တာဖြစ်ပြီး အဲ့ဒီနောက်မှာ ဓားကို ဆေးကြော၊ သူ့ပစ္စည်းတွေယူကာ ထွက်ပြေးသွားခဲ့တာပါ။ အဲ့ဒီနောက်မှာတော့ သူမရဲ့အေးဂျင့်ဆီမှာ အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။
ကျူးလွန်ခံရသူက ဇင်မာနွယ်ကို ခိုင်းစေတဲ့အချိန်တွေနဲ့ အပြစ်တင်တဲ့အချိန်တွေမှာလည်း ရိုက်နှက်တာတွေရှိခဲ့တယ်ဆိုတဲ့အချက်ကို တရားသူကြီးက လက်ခံခဲ့သလို အချို့အချိန်တွေမှာလည်း အိမ်အကူက သူမကို မတော်တဆ ထိခိုက်မိတဲ့အခါတွေမှာလည်း လက်တုံ့ပြန်ခဲ့တယ်လို့ သိရပါတယ်။
ဇင်မာနွယ်ရဲ့ရှေ့နေ Christopher Bridges က သူမကို သေဒဏ်မပေးသင့်ကြောင်း လျှောက်ထားခဲ့ပြီး တရားလိုကလည်း တစ်သက်တစ်ကျွန်း ချမှတ်တဲ့ပြစ်ဒဏ်ကို မကန့်ကွက်ခဲ့ပါဘူး။ သေဒဏ် ဒါမှမဟုတ် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်နိုင်တဲ့ လူသတ်မှုပုဒ်မ ၃၀၀ (ဂ) အရ ဇင်မာနွယ်ကို ထောင်ဒဏ် တစ်သက်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
Ref; CNA