၄. ၇. ၂၀၂၃
Written by Min Mahar
ရွာငံမြို့နယ်၊ ကညို့ကျေးရွာမှ ကျောက်ဆည်မြို့နယ်၊ သံရွာကျေးရွာသို့ တစ်ဦးတည်းဆိုင်ကယ်ဖြင့် စျေးလာဝယ်သည့် အမျိုးသမီးအား အမည်မသိလူနှစ်ဦးက သေနတ်ဖြင့်ပစ်သ-တ်မှု ယမန်နေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇူလိုင် ၃ ရက်နေ့)မနက် ၈ နာရီ ၄၅ မိနစ်ခန့်က ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ ကညို့ကျေးရွာနေထိုင်သည့် အသက် ၄၂ နှစ်အရွယ်အမျိုးသမီးတစ်ဦးသည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ သံရွာကျေးရွာသို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းဈေးလာရောက်ဝယ်ယူပြီး ကညို့ကျေးရွာသို့အပြန်တွင် ကျောက်ဆည်မြို့နယ်၊ တောင်တော်ကျေးရွာအနီး ရွာငံ-ဟန်မြင့်မိုရ်သွားကားလမ်းပေါ်သို့ ရောက်ရှိစဉ် အနောက်မှ ဆိုင်ကယ်တစ်စီးဖြင့် အမည်မသိလူနှစ်ဦးက သေနတ်ဖြင့် ၄ ချက်ခန့်ပစ်ခတ်ပြီး ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
အဆိုပါသေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ၎င်းအမျိုးသမီးသည် ယာဘက်ပါးကိုဒဏ်ရာ ၁ ချက်၊ ရင်ဘတ်ကို ဒဏ်ရာ ၁ ချက်၊ ဝဲ/ယာခြေသလုံးနှစ်ဖက်စလုံးကို ဒဏ်ရာ ၁ ချက်စီအသီးသီးရရှိကာ ၎င်းနေရာတွင် သေဆုံးသွားခဲ့သဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် သံရွာတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။