၄. ၇. ၂၀၂၃
Written by Thettant
မြန်မာအက်ဂရိုအိတ်ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်(MAEX)က ဇူလိုင်လ ၃ ရက်တွင် ရန်ကုန်စတော့အိတ်ချိန်း(YSX)၏ စာရင်းဝင်ကုမ္ပဏီအဖြစ် အစုရှယ်ယာများ စတင်ထုတ်ရောင်းချခဲ့ရာ အဆိုပါ ပထမနေ့တွင် အစုရှယ်ယာ ၁ သိန်း ၁ သောင်းကျော် အရောင်းအဝယ်ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
MAEX ၏ စတင်စာရင်းဝင်နေ့ရက်မှာ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃ ရက်(တနင်္လာနေ့)ဖြစ်ပြီး ယင်းနေ့တွင် ကုမ္ပဏီ၏အစုရှယ်ယာ အရောင်းအဝယ်များ စတင်ပြုလုပ်ရန် MAEX က အစုပေါင်း ၂၃၈၀၄၉၄၆ ဖြင့် Listed ပြုလုပ်ခဲ့ပြီး ဇူလိုင် ၃ ရက်နေ့ စျေးကွက်တန်ဖိုး ကျပ် ၄၄ ဘီလျံကျော်ရှိခဲ့သည်။
YSX ၌ ရှစ်ခုမြောက် စာရင်းဝင်ကုမ္ပဏီဖြစ်လာခဲ့သည့် MAEX အနေဖြင့် ရှယ်ယာတစ်စုကို ၁,၅၀၀ ကျပ် သတ်မှတ်ထားကြောင်း ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၀ တွင် YSX ၌ စာရင်းဝင်အဖြစ် လျှောက်ထားခဲ့စဥ်က ထုတ်ပြန်ထားပြီး ဇူလိုင် ၃ ရက်တွင် စတင်စာရင်းဝင်စဥ်က အခြေခံ စျေးနှုန်း ကျပ် ၁၈၀၀ အမြင့်ဆုံးစျေးနှုန်း ကျပ် ၂၀၅၀၊ အနိမ့်ဆုံးစျေးနှုန်း ကျပ် ၁၅၅၀ နှင့် တစ်ချက်ခုန်စျေးနှုန်း ကျပ် ၅၀ သတ်မှတ်ခဲ့သည်။
ထို့နောက် စတင်အရောင်းဖွင့်လှစ်သည့် စျေးကွက်အခြေခံအဖွင့်စျေးဖြင့် အရောင်းအဝယ်ပြုလုပ်ရာ အနိမ့်ဆုံးစျေးနှုန်း ကျပ် ၁၇၅၀ နှင့် အမြင့်ဆုံးစျေးနှုန်း ၁၈၅၀ ကျပ်အကြား အစုရှယ်ယာ ၁၁၂၄၇၃ စု အရောင်းအဝယ်ဖြစ်ခဲ့ပြီး တစ်နေ့တာအတွင်း ကျပ် ၂၀၂၉၄၆၄၅၀ ဖိုး အရောင်းအဝယ်ဖြစ်ခဲ့သည်။
MAEX အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ လုပ်ငန်းဆောင်ရွက်ရန် မြေနေရာအသုံးပြုခွင့်ပေးပြီး၊ အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (Public Private Partnership, PPP) အစီအစဥ်အရ ဆောင်ရွက်မည့် တညင်းကုန်း အဆင့်မြှင့်လက်ကားဈေး တည်ဆောက်ရေးနှင့် စီမံခန့်ခွဲရေးလုပ်ငန်းစီမံကိန်းအား ဒဂုန်အင်တာနေရှင်နယ်လီမိတက်မှ တင်ဒါအောင်မြင်ပြီးနောက် တင်ဒါပါ စည်းကမ်းချက်တွင် ပါဝင်သော အများပိုင်ကုမ္ပဏီ တည်ထောင်ရန်လိုအပ်ချက်အရ ဒဂုန်အင်တာနေရှင်နယ်လီမိတက်သည် မူလကမကထပြု တည်ထောင်သူအဖြစ် ၄၅ ရာခိုင်နှုန်း ထည့်ဝင်လျက် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်တွင် အများပိုင်ကုမ္ပဏီအဖြစ် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။