MT News
Written by Hey Mar
ဇူလိုင်လ ၁ ရက် မနက် အစောပိုင်း နှစ်နာရီဝန်းကျင်က ပြည်မြို့ မြို့သစ် ၁၃ လမ်း ၁ ရပ်ကွက်က နေအိမ်တစ်အိမ်မှာ သူခိုးဝင်ခိုးနေတာကို ဖမ်းမိသွားတဲ့ အိမ်ရှင်အမျိုးသမီး ဓားနဲ့ထိုးခံရတဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်ကို သွားရောက်ကူညီခဲ့သူ ဘဝသံသရာ ပရဟိတ အသင်း တာဝန်ရှိသူက “သူခိုးဝင်ခိုးနေတာကို အိမ်ရှင်က မအိပ်သေးဘဲ ထလာတော့ သူခိုးက နောက်ကနေ ချုပ်၊ ပါးစပ်ကို ပိတ်ပြီး ဓားနဲ့ ထိုးသွားတာလို့ ပြောပြတယ်။ အမျိုးသမီးက အသက်အစိတ်၊ ၃၀ ဝန်းကျင်လောက်ပဲ။ဓားဒဏ်ရာများတယ်။ ၃ ချက်ထိထားတယ်။ ဗိုက်ရယ်၊ လည်ပင်းရယ်၊ နားထင်က ပြတ်ရှပေါ့။ သွေးထွက်တော့ များနေတယ်”လို့ MT News ကို ပြောပါတယ်။
ဒီဖြစ်စဥ်အပေါ် သက်ဆိုင်ရာ တာဝန်ရှိသူတွေ အကြောင်းကြားခေါ်ယူချက်အရ ဒေသတွင်းရေနစ်သူကူညီကယ်ဆယ်ရေးအသင်းနဲ့အတူ ဘဝသံသရာ ပရဟိတအသင်းတို့က ပူးပေါင်းပြီးအချိန်နဲ့ တစ်ပြေးညီ သွားရောက်ကူညီကာ ပြည်မြို့ ကုတင်(၅၀၀)ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင် ပေးခဲ့တယ်လို့ သိရပါတယ်။