MT News
Written by Pan Ei
ကမ္ဘာ့အကြီးဆုံးအွန်လိုင်းခရီးသွားအေဂျင်စီတစ်ခုဖြစ်တဲ့ တရုတ်နိုင်ငံအခြေစိုက် Trip.com ကုမ္ပဏီဟာ ဝန်ထမ်းပေါင်း ၃၂,၀၀၀ ကို ကလေးမွေးဖို့ တွန်းအားပေးတဲ့အနေနဲ့ ယွမ် ၁ ဘီလျံ (အမေရိကန်ဒေါ်လာ ၁၃၈ သန်း) အကုန် အကျခံမယ့် ကလေးထောက်ပံ့ရေးအစီအစဉ်သစ်တစ်ရပ်ကို စတင်အကောင်အထည်ဖော်သွားတော့မယ်လို့ သိရပါတယ်။
ဇူလိုင် ၁ ရက်မှာ စတင်အသက်ဝင်တဲ့ ဒီအစီအစဥ်အရ ကုမ္ပဏီမှာ အနည်းဆုံး လုပ်သက်သုံးနှစ်ရှိတဲ့ အချိန်ပြည့်ဝန်ထမ်းတွေအားလုံးဟာ အမျိုးသား၊ အမျိုးသမီးမရွေး၊ ရာထူးနဲ့ အလုပ်အကိုင် တည်နေရာလည်း မခွဲခြားဘဲ ကလေးမွေးဖွားရင် မွေးကင်းစကလေးရဲ့ ပထမဆုံးမွေးနေ့ကနေ အသက်ငါးနှစ်အထိ နှစ်စဉ် ဘောနပ်စ် တရုတ်ယွမ် ၁သောင်း (အမေရိကန်ဒေါ်လာ ၁၃၀၀ ကျော်) ရရှိမှာပါ။
“ခုလို ကလေးထောက်ပံ့ငွေ အကျိုးခံစားခွင့်အသစ်ကို မိတ်ဆက်ရတာဟာ ကျွန်ုပ်တို့ရဲ့ဝန်ထမ်းတွေ ကျွမ်းကျင်တဲ့အလုပ်ရဲ့ ပန်းတိုင်နဲ့ အောင်မြင်မှုတွေကို အလျှော့မပေးဘဲ မိသားစုဘဝတွေကို စတင်နိုင်ဖို့နဲ့ သူတို့ရဲ့ မိသားစုတွေ ကြီးထွားများပြားလာစေဖို့ပါ”လို့ Trip.com ကုမ္ပဏီရဲ့ အမှုဆောင်ဥက္ကဋ္ဌ James Liang က ကြေညာချက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
Trip.com ကုမ္ပဏီရဲ့ထောက်ပံ့ငွေပေးမယ့်အစီအစဉ်ဟာ နိုင်ငံအတွင်း လူဦးရေဆိုင်ရာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရချိန် ထွက်ပေါ်လာတာဖြစ်ပြီး တရုတ်နိုင်ငံရဲ့လူဦးရေဟာ နှစ် ၆၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၂၂ ခုနှစ်မှာ ကျဆင်းသွားခဲ့သလို လူပေါင်း ၁,၀၀၀ မှာ ၆ ဒသမ ၇၇ ဦးသာ ကလေးမွေးဖွားခဲ့ကာ ၁၉၄၉ ခုနှစ်က ကွန်မြူနစ်တရုတ်နိုင်ငံကို စတင်တည်ထောင်ခဲ့ချိန်ကစပြီး အနိမ့်ဆုံးကလေးမွေးဖွားမှုနှုန်း ဖြစ်ခဲ့ပါတယ်။
အဲ့ဒါကြောင့် တရုတ်နိုင်ငံဟာ အခုအချိန်မှာ ကမ္ဘာ့ဒုတိယလူဦးရေအများဆုံးနိုင်ငံဖြစ်လာခဲ့ပြီး အိန္ဒိယနိုင်ငံက ပထမနေရာမှာရပ်တည်နေတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ခဲ့ပါတယ်။
ကလေးမွေးဖွားနှုန်းကျဆင်းတာဟာ တရုတ်နိုင်ငံအတွက် တစ်ခုထဲသော စိုးရိမ်စရာမဟုတ်ဘဲ နိုင်ငံအတွင်း အိမ်ထောင်ပြုကြသူတွေမှာလည်း လူနည်းစုသာ ဖြစ်နေပြီး လူဦးရေပြဿနာကို ပိုတိုးလာနိုင်စေတဲ့ အခြေအနေဖြစ်နေပါတယ်။
တရုတ်နိုင်ငံရဲ့ အရပ်ဘက်ရေးရာဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ အချက်အလက်တွေအရ ၂၀၂၂ ခုနှစ်မှာ စုံတွဲပေါင်း ၆ ဒသမ ၈၃ သန်းခန့် လက်ထပ်ခဲ့ပြီး အရင်နှစ်က လက်ထပ်နှုန်းထက် ၁၀ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကာ ၁၉၈၆ ခုနှစ်မှာ ဝန်ကြီးဌာနက အချက်အလက်တွေ စတင်ထုတ်ပြန်ပြီးကတည်းက စံချိန်တင် အနိမ့်ဆုံး အရေအတွက်လည်း ဖြစ်ခဲ့ပါတယ်။
Ref; CNN