MT News
Written by Nay Moe
ရဲတပ်ဖွဲ့ဝင်နှစ်ဦးအပါအဝင် လူလေးဦးကို ဇူလိုင် ၁ ရက် ည ၁၀ နာရီအချိန်တွင် ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု လက်ပံတန်း PDF အဖွဲ့က ပြောသည်။
ဖြစ်စဥ်မှာ ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ဇီးဖြူကုန်း တိုက်နယ် ရဲစခန်းနှင့် အဆိုပါရဲစခန်းအနီး ဘူတာရုံကြားက လောင်းကစားဝိုင်းဟုဆိုသည့်နေရာကို NUG ဩဇာခံ သာယာဝတီခရိုင် PDFတပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ လက်ပံတန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ရွှေတန်းမြေPDF) က ဇူလိုင် ၁ ရက် ည ၁၀ နာရီတွင် တစ်ပြိုင်နက်တိုက်ခိုက်ခဲ့သည်ဟု ရွှေတန်းမြေ PDF က ထုတ်ပြန်သည်။
ရွှေတန်းမြေ PDF က အလစ်အငိုက် တိုက်ခိုက်သတ်ဖြတ်မှုတွင် ရဲတပ်ကြပ် ကျော်ကျော်မြင့်၊ ရဲတပ်ကြပ်ကြီး အောင်ခိုင်၊ ဦးကြည်လွင်၊ ဦးအေးမင်း စုစုပေါင်း ၄ ဦးသေဆုံးကာ ဦးမောင်မောင်ညွန့်၊ ဦးချစ်ကိုဦး အပါအဝင် ၅ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိကြသည်ဟုရွှေတန်းမြေ PDF က ပြောပြီး သေဆုံးသူ ၄ ဦးအနက် ရဲတပ်ဖွဲ့ဝင်မဟုတ်သည့် သေဆုံးသူ ပြည်သူ ၂ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၅ ဦးထက်မနည်းမှာ ပျုစောထီး(ပြည်သူ့စစ်) များဖြစ်သည်ဟုလည်း ရွှေတန်းမြေ PDF က စွပ်စွဲသည်။
MT News သတင်းဌာနအနေဖြင့် ရွှေတန်းမြေ PDF အဖွဲ့က ဇူလိုင် ၁ ရက် ည ၁၀ နာရီခန့်တွင် ရဲစခန်းနှင့် ထိုရဲစခန်းမှ သုံးမိုင်ခန့်အကွာနေရာတစ်ခုအား PDF များက အလစ်အငိုက်တိုက်ခိုက်၍ ရဲတပ်ဖွဲ့ဝင် ၂ ဦး၊ ပြည်သူ ၂ ဦး စုစုပေါင်းသေဆုံးကာ ကျန် ၅ ဦးမှာလည်း စိုးရိမ်ရဒဏ်ရာများဖြင့် ကုသမှုခံယူနေရသည်ကို အတည်ပြုနိုင်သည်မှအပ ရဲစခန်းမဟုတ်သော အခြားနေရာပစ်ခတ်မှုမှာ လောင်းကစားဝိုင်းဖြစ်သည်ဆိုသော PDF စွပ်စွဲချက်နှင့် သေဆုံးဒဏ်ရာရပြည်သူများမှာ ပြည်သူ့စစ်ဖြစ်သည်ဆိုသော ရွှေတန်းမြေ PDF စွပ်စွဲချက်များကိုမူ အတည်ပြုနိုင်ခြင်းမရှိချေ။