◾ဖမ်းဆီးခံရသူ ဆန္ဒပြသမား ၂,၀၀၀ ကျော် အထိရှိလာ
၃. ၇. ၂၀၂၃
Translated by Htwe Ko Tun
ပြင်သစ်နိုင်ငံ၊ ပါရီမြို့၊ နန်တာရီရပ်ကွက်တွင် ယာဉ်အသွားအလာစစ်ဆေးသည့် ရဲအရာရှိတစ်ဦး၏ ပစ်ခတ်မှုကြောင့် အသက် ၁၇ နှစ်အရွယ် ပစ္စည်းဖြန့်ချိရေးကားမောင်းသူ နာဟယ်လ် မာဇွတ် ဇွန်လ ၂၇ ရက်တွင် သေဆုံးခဲ့ရမှုအား မကျေမနပ်ဆန္ဒပြကြရာမှ နိုင်ငံတစ်ဝန်း ကူးစက်ပျံ့နှံ့ဖြစ်ပွားလျက်ရှိသော အကြမ်းဖက်အဓိကရုဏ်းများက ဇူလိုင်လ ၂ ရက်ညတွင်လည်း ခြောက်ရက်မြောက်ညအဖြစ် ဆက်လက်ဖြစ်ပွားနေကြောင်း အာဏာပိုင်များက ပြောခဲ့ကြသည်။
နာဟယ်လ် မာဇွတ်၏ အဖွားဖြစ်သူက ဆန္ဒပြအဓိကရုဏ်းများအား ရပ်ဆိုင်းကြရန် ဇူလိုင်လ ၂ ရက် က မေတ္တာရပ်ခံခဲ့သေးသော်လည်း ညနေပိုင်းနေဝင်သည်နှင့် အကြမ်းဖက်မှုများပါ ဖြစ်ပေါ်လျက်ရှိသေးသည်ကို တွေ့ရသည်။ ဆန္ဒပြအကြမ်းဖက်မှုများကြောင့် ဇူလိုင်လ ၂ ရက်ညတွင်လည်း ပြင်သစ်နိုင်ငံတစ်ဝန်း ရဲတပ်ဖွဲ့နှင့် အပျော်တန်းရဲတပ်ဖွဲ့ Gendarme အင်အား ၄၅,၀၀၀ ကို တပ်ဖြန့်ချထားကြောင်း ပြင်သစ် အစိုးရက ပြောခဲ့သည်။ ဇူလိုင်လ ၃ ရက်နံနက်အထိ ဆန္ဒပြပွဲများ၌ ဖမ်းဆီးထားသူပေါင်း ၂,၀၀၀ ကျော်ရှိသွားပြီဖြစ်သည်။
ဆန္ဒပြသမားများအနက် အများစုက အသက် ၁၈ နှစ်အောက် လူငယ်များဖြစ်ကြကာ ဖမ်းဆီးထားသူ ၂,၀၀၀ ကျော်၏ ပျမ်းမျှအသက်က ၁၇ နှစ်သာ ရှိကြောင်းလည်း ပြင်သစ်ပြည်ထဲရေးဝန်ကြီးဌာနက ပြောခဲ့သည်။ အကြမ်းဖက်မှုများပါ ပါဝင်လာသော ဆန္ဒပြမှုများအတွင်း မီးရှို့ဖျက်ဆီးခံရသော ကားစင်းရေ ၂,၀၀၀ ကျော် အထိရှိလာကာ ဆိုင်များ၊ စားသောက်ဆိုင်များ၊ ကုန်တိုက်ကြီးများနှင့် ဘဏ်ပေါင်း ၇၀၀ ကျော်တို့ အကြမ်းဖက်လုယက်ဖောက်ထွင်းခံရကြောင်းလည်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။
ဆန္ဒပြသမားများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား တိုက်ခိုက်မှုများလည်း ဖြစ်ပွားခဲ့ကြရာ ပြင်သစ်နိုင်ငံ တစ်ဝန်း ရဲတပ်ဖွဲ့နှင့် အပျော်တန်းရဲတပ်ဖွဲ့ Gendarme စုစုပေါင်း ၅၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်းလည်း သိရသည်။
ဇူလိုင်လ ၂ ရက် နံနက် ၁ နာရီခွဲခန့်တွင်လည်း အကြမ်းဖက်သမားများက ပါရီမြို့ရှိ ပါရီမြို့တော်ဝန် ဂျင်းဘန်း၏နေအိမ်ကို ဝင်ရောက်တိုက်ခိုက်ကာ မြို့တော်ဝန်မိသားစုကို လုပ်ကြံရန်ကြိုးစားမှုတစ်ရပ် ဖြစ်ခဲ့ကြောင်း သိရသည်။ ထိုဖြစ်ရပ်တွင် အကြမ်းဖက်သမားများက ကားဖြင့်ဝင်ရောက်လာကာ မြို့တော်ဝန်အိမ်ကို မီးရှို့ရန်လည်း ကြိုးစားခဲ့ကြသည်။ ထိုအချိန်က မြို့တော်ဝန်မှာ နေအိမ်တွင်မရှိဘဲ ဇနီးဖြစ်သူနှင့် အသက်ငါးနှစ်နှင့် ခုနှစ်နှစ် အသီးသီးရှိ ကလေးနှစ်ဦးမှာ အိပ်ပျော်နေချိန်ဖြစ်ကာ နိုးလာသောအခါတွင် ၎င်းတို့က အိမ်နောက်ဘက်မှ ထွက်ပြေးလွတ်မြောက်ခဲ့ကြသည်။ မြို့တော်ဝန်၏ ဇနီးမှာ ညို့သကျည်းတွင် ဒဏ်ရာရခဲ့ကြောင်းလည်းသိရသည်။
Ref—- CNN