၃. ၇. ၂၀၂၃
Written by Peya
အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) မှ ပါတီဝင် သုံးဦး လုပ်ကြံသတ်ဖြတ်ခံရသည့်ကိစ္စနှင့် ပတ်သက်၍ ဥပဒေဘောင်အတွင်းက ဖြေရှင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ ပါတီမှ အတွင်းရေးမှူးအဖွဲ့ဝင် ဗိုလ်မှူးခိုင်သူရိန် က MT News သတင်းဌာနသို့ ပြောသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (Arakan Liberation Party-ALP) မှ ဒုတိယဥက္ကဋ္ဌခိုင်နီရောင်၊ ALA အမှတ် (၁၀၁) တပ်ရင်းမှ တပ်ရင်းမှူး ခိုင်ကျော်မင်းနှင့် တပ်သား ကျော်ကျော်နိုင်တို့ ၃ ဦးအား ဇူလိုင် ၁ ရက်နေ့ မွန်းလွဲချိန် ၁၂ နာရီ ၁၅ မိနစ်တွင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး မိုခါမုန်တိုင်းကယ်ဆယ်ရေးကိစ္စများအတွက် ဥက္ကဋ္ဌရုံးမှ အစည်းအဝေးပြုလုပ်၍အပြန် ရခိုင်ပြည်နယ် စစ်တွေမြို့ စစ်တွေတက္ကသိုလ်ကျောင်းရှေ့အရောက်တွင် (ULA/AA) မှ ရည်ရွယ်ချက်ရှိရှိ လုပ်ကြံချောင်းမြောင်းပစ်ခတ် သ-တ်ဖြတ်ခြင်းခံလိုက်ရသဖြင့် ရခိုင်ပြည်နယ် ရခိုင်လူမျိုးများအတွက် တာဝန်ထမ်းဆောင်ရင်း အသက်ကိုပေးလှူသွားခဲ့ပြီဖြစ်ကြောင်း ALP က ဇူလိုင်လ ၂ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
“ဥပဒေဘောင်အတွင်းက လုပ်ဆောင်စရာ ရှိတာတွေ အားလုံးကို လုပ်ဆောင်နေပါတယ် ခင်ဗျ။ ကျွန်တော်တို့ ပြည်ထဲရေးနဲ့ကော တပ်မတော်နဲ့ကော ပူးပေါင်းဆောင်ရွက်သွားမှာပါ” ဟု ဗိုလ်မှူး ခိုင်သူရိန်က ဆိုသည်။
ရခိုင်ပြည်နယ်သည် ယခင်ကပင် ဖွံ့ဖြိုးတိုးတက်မှုအလွန်နှောင့်နှေးနေသည့် ပြည်နယ်ထဲတွင် ပါဝင်ကာ မိုခါ မုန်တိုင်းကြောင့် ဒုက္ခထပ်ရောက်သည့် အချိန်တွင် ရခိုင်ပြည်နယ်နှင့် ရခိုင်လူမျိုးကို ချစ်၍ လက်နက်ကိုင်နေကြသည့် အဖွဲ့အစည်းမှန်လျှင် ကိုယ်တတ်နိုင်သည့်ဘက်က ကူညီကယ်ဆယ်နေသည့် ကာလတွင် မင်းသား မလုပ်ရ၍ ပတ်မကြီးထိုးခွဲမည်ဆိုခြင်းမှာ ယုတ်ညံ့သည့် စိတ်ထားဟု မြင်ကြောင်းလည်း ၎င်းက ဆိုသည်။
“ကျွန်တော်တို့ အဖွဲ့အစည်းက NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်း ဖြစ်တယ်။ ဒါကြောင့်မို့လို့ တရားဥပဒေ ဘောင်ထဲကနေ တရားဝင် အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာနဲ့ အညီ ဒီကိစ္စကို ဖြေရှင်းသွားမှာပါ” ဟု ဗိုလ်မှူး ခိုင်သူရိန်က ရှင်းပြသည်။