၃. ၇. ၂၀၂၃
Written by Tha Doe
မြန်မာပြည်ငြိမ်းချမ်းရေးအတွက် သဘာဝတရားရိပ်သာဆရာတော်က ဒေါက်တာဇော်ဝေစိုးဦးဆောင်တဲ့ NUG အဖွဲ့ကို အမေရိကန်ထိ သွားရောက်တွေ့ဆုံသော်လည်း အတွေ့မခံဘူးလို့ ဒီနေ့မှာ သဘာဝတရားရိပ်သာဆရာတော်ရဲ့ Page မှာ ထုတ်ပြန်ထားပါတယ်။
ဆရာတော်အရှင်ဥတ္တမသာရ ဦးဆောင်တဲ့ သဘာဝငြိမ်းချမ်းရေးအဖွဲ့နဲ့ Los Angeles ရောက်ရှိနေတဲ့ NUG ဝန်ကြီးဒေါက်တာဇော်ဝေစိုးတို့ တွေ့ဆုံဖို့ ဦးဇော်ဝေစိုးနဲ့ တိုက်ရိုက်သိသူတစ်ဦးက (ကြားခံအသိ) တစ်ဆင့် Washtington DC ရုံးခန်းက NUG အဖွဲ့နဲ့ ၃လပိုင်း၊ ၄ လပိုင်းမှာ ဆက်သွယ်ဖို့ လုပ်ဆောင်ခဲ့ပေမဲ့ အကြောင်းမထူးခဲ့ဘူးလို့ သိရပါတယ်။
ဒေါက်တာဇော်ဝေစိုးဆီကို ပေးပို့တဲ့စာမှာ “မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဦးဇော်ဝေစိုးကို သဘာဝဆရာတော် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးအဖွဲ့နဲ့ NUG အဖွဲ့ (public or private) တွေ့ဆုံခွင့်ပေးဖို့ မေတ္တာရပ်ခံတာပါ။ ၃ လပိုင်းမှာ Washington DC က NUG ရုံးကို ဆရာတော်တို့ သွားတွေ့ဖို့ ရက်ချိန်းယူတော့ အသိအကျအဖြေမရဘဲ သင်္ကြန်ပြီးမှ ပြန်ဆက်သွယ်ဖို့ပြောခဲ့သလို သင်္ကြန်အပြီးဆက်သွယ်တော့လည်း အကြောင်းမပြန်တော့ဘူးလို့ ရေးထားပါတယ်။ ပြီးခဲ့တဲ့ ၂ ပတ်က ဦးကျော်မိုးထွန်း Los Angeles ရောက်လာတုန်း ဆရာတော်တို့ သွားတွေ့ဆုံဆွေးနွေးဖို့အတွက် မြန်မာ့ဂုဏ်ရည်အဖွဲ့ကတစ်ဦးကနေ တွေ့ဖို့ပြောတော့လည်း အကြောင်းမပြန်သလို ဆက်သွယ်မေးမြန်း တစ်ဆင့်သိရသလောက်ကလည်း မြန်မာ့ ဂုဏ်ရည်အဖွဲ့က မပြောပေးနိုင်ဘူး ပုံစံမျိုးလို့ သိရတာကြောင့် သဘာဝငြိမ်းချမ်းရေး အဖွဲ့ဝင်တစ်ဦးက ပြီးခဲ့တဲ့ အပတ် ၁၉ ရက်နေ့မှာ ဦးထင်လင်းအောင်ကို စာပို့ပေမဲ့လည်း အကြောင်းမထူးကြောင်း ဖော်ပြထားပါတယ်။
လက်ရှိ ပစ်ခတ်မှုတွေကြောင့် သူ့ဘက်၊ ငါ့ဘက် အသက်တွေ ဆုံးရှုံးတယ် ဆိုတာထက် သဘာဝတရားရိပ်သာဆရာတော်က မြန်မာနိုင်ငံသားတွေရဲ့ အသက်တွေဆုံးရှုံးတယ်လို့ပဲ မြင်သလို သမိုင်းရဲ့ အရိပ်ဆိုး၊ အရင် ပျက်ကွက်ခဲ့တဲ့ ကတိတွေ သဘောထား ကွဲလွဲမှုတွေက ညှိနှိုင်းစရာ၊ ပြောစရာစကားမရှိလောက်အောင် စိတ်ပျက်စရာကောင်းပေမယ့် နေ့စဉ်နဲ့အမျှ ပျက်စီးဆုံးရှုံးနေတဲ့ မြန်မာပြည်သူ ပြည်သားတွေ အသက်အိုးအိမ်နဲ့ အနာဂတ် မျိုးဆက်အကျိုးကို ရှေ့ရှုပြီး သဘာဝဆရာတော် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးအဖွဲ့ နဲ့ NUG အဖွဲ့ တွေ့ဆုံခွင့်ပေးဖို့ ဆရာဦးဇော်ဝေစိုးကို မေတ္တာရပ်ခံတာပါလို့လည်း ဖော်ပြထားပါသေးတယ်။
“ဆရာတော်က လက်ရှိမှာ ဘယ်သူသေသေ မြန်မာပြည်သူတွေပဲ သေဆုံးပျက်စီးနေရတယ်လို့ မြင်တာပေါ့။ အဲဒါကြောင့် နှစ်ဖက်စလုံးက တာဝန်ရှိသူတွေ၊ ဒေါ်အောင်ဆန်းစုကြည်လို ပြောနိုင်သူမျိုးတွေ၊ သူရဦးတင်ဦးလိုလူတွေနဲ့ တွေ့ပြီး ငြိမ်းချမ်းဖို့ကြိုးစားနေပေမဲ့ အထင်လွဲခံရတဲ့အခြေအနေတွေ ဖြစ်နေတာပေါ့။ အဲဒါမျိုးတွေကို တရားဝင်တွေ့ပြီး ဆွေးနွေးဖို့ကြိုးစားနေတာပါ။ ဒီလိုလုပ်လို့ ဆရာတော့်အတွက် အသက်အန္တရာယ်ရှိတယ်ဆိုတာ သိလျက်နဲ့ကို နိုင်ငံငြိမ်းချမ်းဖို့ကြိုးစားနေတာပါ”လို့ ဆရာတော်နဲ့နီးစပ်တဲ့ ဒါယကာတစ်ဦးက MT News ကို ပြောပါတယ်။
သဘာဝတရားရိပ်သာဆရာတော်ဟာ မြန်မာပြည်တင်မက NUG အခြေစိုက်အားကိုးနေရတဲ့ အမေရိကန်နဲ့ ထိုင်းလိုနိုင်ငံတွေအထိပါ တရားရိပ်သာတွေ ဖွင့်လှစ်ထားသလို NUG အမှီပြုနေရတဲ့ EAOs ထိပ်ပိုင်းအဖွဲ့ဝင်တွေနဲ့လည်း တွေ့ဆုံမှုပြုထားတဲ့အပြင် မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ဘက်ပေါင်းစုံက ဦးဆောင်နေသူတွေနဲ့ အကြိမ် ၂၀၀ လောက်လည်း တွေ့ဆုံထားပေမဲ့ NLD, NUG တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတာ၊ ငြိမ်းချမ်းရေးအကြောင်းပြောချိန်တွေမှာတော့ လှောင်ပြောင်ခံနေရသလို အစွန်းရောက် NUG ထောက်ခံသူတွေက ဆရာတော့်ကို ဆွမ်းမလောင်းဖို့ မလှူဖို့ လုပ်ကြံသ-တ်ဖြတ်ဖို့အထိ တိုက်တွန်းတာတွေလည်း ရှိခဲ့ပါသေးတယ်။
ပုံစာ။ သဘာဝတရားရိပ်သာဆရာတော်က ဒေါက်တာဇော်ဝေစိုးတို့ NUG အဖွဲ့ထံပို့ခဲ့သောစာများ