၁. ၇. ၂၀၂၃
Written by Min Mahar
နေ့ခင်းကြောင်တောင် နေအိမ်အတွင်းဝင်ရောက်ခိုးယူသည့်သူခိုးက အိမ်ရှင်အမျိုးသမီး ၃ ဦးကို ဓားဖြင့်ထိုးနေစဉ်အိမ်ရှင်အမျိုးသားရောက်ရှိလာသဖြင့် ဖမ်းဆီးရမိမှု တောင်ကြီးမြို့တွင် ယမန်နေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇွန်လ ၃၀ ရက်နေ့)မနက် ၁၁ နာရီ ၃၀ မိနစ်ခန့်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ နယ်မြေ(၄)၊ သစ်ခွလမ်းရှိ အိမ်အမှတ် (၄၁၄) အတွင်းသို့ ဝင်ခိုးနေသည့် အသက် ၂၁ အရွယ်သူခိုးတစ်ဦးသည် ပစ္စည်းခိုးယူနေစဥ် အိမ်ရှင်အမျိုးသမီးများက တွေ့ရှိခဲ့သဖြင့် အဆိုပါသူခိုးဖြစ်သူမှ အိမ်ရှင်များဖြစ်သည့် အသက် ၄၆ နှစ်အရွယ်အမျိုးသမီးနှင့် ၎င်း၏သမီး ၂ ဦးဖြစ်သူတို့အား ဓားဖြင့်ထိုးနေစဉ် အပြင်ကပြန်ရောက်လာသော အိမ်ရှင်အမျိုးသားက ဖြစ်စဥ်ကိုတွေ့ရှိခဲ့သဖြင့် ရဲကိုဖုန်းဆက်အကြောင်းကြားခဲ့ရာမှ သူခိုးကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါသူခိုးက ဓားဖြင့်ထိုးခဲ့သဖြင့် အိမ်ရှင်အမျိုးသမီး ၃ ဦးသည် ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် တောင်ကြီးမြို့ဆေးရုံကြီးသို့ပို့ဆောင်ကာ ဆေးကုသမှုခံယူနေကြောင်းနှင့် သူခိုးအား ရဲတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးထားကာ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းလည်း သိရသည်။