၁. ၇. ၂၀၂၃
Written by Min Mahar
ကန့်ဘလူမြို့နယ်၊ ဇီးကုန်းလမ်းဆုံအနီးတွင် PDF များထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် လမ်းဘေး၌ရပ်ထားသော မော်တော်ယာဉ်ပေါ်ရှိ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်နှစ်ဦးအား မိုင်းစများထိမှန်ကာ ဒဏ်ရာရရှိမှု ယမန်နေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇွန်လ ၃၀ ရက်နေ့)မနက် ၈ နာရီ ၁၅ မိနစ်ခန့်အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် နေထိုင်သူ အသက် ၄၉ နှစ်အရွယ် ယာဉ်မောင်းအမျိုးသားနှင့် အသက် ၂၂ နှစ်အရွယ် ယာဉ်နောက်လိုက်အမျိုးသားတို့နှစ်ဦးသည် အဝါ/အစိမ်းရောင်မော်တော်ယာဉ်ဖြင့် ကန့်ဘလူမြို့နယ်၊ မလည်ကျေးရွာမှထွက်လာစဉ် ဇီးကုန်းလမ်းဆုံအနီးသို့အရောက်၌ ကားခေတ္တရပ်နားချိန် လမ်း၏ဝဲဘက်ခြမ်းမှ PDF များထောင် ထားသောလက်လုပ်မိုင်း ၁ လုံးပေါက်ကွဲခဲ့ရာ ၎င်းတို့နှစ်ဦးသည် မိုင်းစများထိမှန်ကာ ဒဏ်ရာများရရှိခဲ့သဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် ရွှေဘိုမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူစေခဲ့သည်။
ထို့နောက် နေ့လည် ၁ နာရီ ၅၅ မိနစ်တွင် ယာဉ်နောက်လိုက်ဆိုသူအား ရွှေဘိုပြည်သူ့ဆေးရုံကြီးမှ မန္တလေးပြည်သူ့ဆေးရုံကြီးသို့လွှဲပြောင်းကုသရန်အတွက် သိင်္ဃဂုဏ်ရည် လူမှုကူညီရေးအသင်းပိုင်မော်တော်ယာဉ်ဖြင့် ထွက်ခွာသွားခဲ့ပြီးဆေးကုသမှုဆက်လက်ခံယူနေကြောင်း သိရသည်။
အဆိုပါပေါက်ကွဲမှုကြောင့် ယာဉ်နောက်လိုက်သည် ယာဘက်လက်မောင်းရင်း မိုင်းစထိမှန်ဒဏ်ရာ ၁ ချက်၊ ယာဘက်ခြေသလုံး မိုင်းစထိမှန်ဒဏ်ရာ ၁ ချက်၊ ယာဘက်ပေါင်ရင်း မိုင်းစထိမှန်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်ပေါင်ရင်းမိုင်းစထိမှန်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)နှင့်ယာဉ်မောင်းတွင်မူ မျက်နှာကို မိုင်းစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)တို့ရရှိခဲ့ကြောင်း သိရသည်။