MT News
Written by Nay Moe
အောက်တိုဘာ ၂၂ ရက်က စတင်ရောင်းချသည့် NUG ၏ တော်ဝင်နွေဦးနှင့် နွေဦးအောင်လံအိမ်ရာမြေကွက်ရောင်းချမှု စံချိန်သစ်အဖြစ် ၃ နာရီအတွင်း ဒေါ်လာ ၉ သန်းဖိုးခန့်ရောင်းရသည်ဟု NUG ၏ The End of Dictatorship က ဆိုသည်။
နွေဦးအောင်လံအိမ်ရာသည် တောင်ဒဂုံမြို့နယ်၊ အမှတ် (၂) လမ်းမကြီးပေါ်၊ ကျန်စစ်သားလမ်းထောင့် Pro 1 East Dagon Branch ၏ မျက်စောင်းထိုးဘက်ခြမ်း ကျန်စစ်သားလမ်းမကြီးထောင့်တွင် တည်ရှိပြီး နောင်တွင် ရန်ကုန်မြို့အတွက် နိုင်ငံတကာလေဆိပ်သစ်ကြီးကို ပဲခူးမြို့စွန်တွင် ဆောက်လုပ်မည်ဆိုပါက အမှတ်(၂) လမ်းမကြီးသည် ရန်ကုန်မြို့နှင့် လေဆိပ်သစ်ကြား အတိုဆုံး ဆက်သွယ်ရေးလမ်းမ ဖြစ်လာကာ လေဆိပ်တိုက်ရိုက် အမြန်ရထားနှင့် ကားများ ဖြတ်သန်းရာ အဓိကလမ်းကြောင်း ဖြစ်လာမည်ဟု ဆိုသည်။
“တော်လှန်ရေး ရန်ပုံငွေပရောဂျက်များရဲ့ စံချိန်သစ် အဖြစ် ပထမ ၃ နာရီအတွင်းမှာ ဒေါ်လာ ၈.၇၅ သန်းဖိုး ရောင်းချထားပြီး ဖြစ်ပါတယ်။ EOD ရဲ့ Spring Investment စီမံကိန်းများဟာ သူဌေးတွေပဲ ပါဝင်နိုင်တဲ့ စီမံကိန်းများ အဖြစ် ထင်မှတ်မှားတတ်ကြပါတယ်။ တကယ်တော့ အလွှာစုံက ပြည်သူတွေ ပါဝင်နိုင်၊ ထောက်ပို့ရင်း ရင်းနှီးမြုပ်နှံနိုင်တဲ့ စီမံကိန်းများပါ။တောင်ဒဂုံမြို့နယ်က “နွေဦးအောင်လံ” စီမံကိန်းရဲ့ ၄၀ ပေ x ၆၀ ပေ မြေကွက်များကို ကြည့်ပါ။ တော်လှန်ရေးကာလအတွင်း USD 6,000 ပေးသွင်းရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ၃ ဦးထိ နာမည်ပေါက် အစုစပ် ဝယ်နိုင်ပြီး ၃ လ အတွင်း ၃ ခါ အရစ်ကျ စနစ်နဲ့ ပေးချေနိုင်ပါတယ်။ ဒါကြောင့် တော်တော်များများ လက်လှမ်းမီပြီး မြေကွက် ၈၀၀ အနက် တဝက်နီးပါး ရောင်းချထားပြီး ဖြစ်ပါတယ်” ဟု EoD က ဆိုသည်။
ထို့ပြင် ရွှေတောင်ကြားကဲ့သို့ အကောင်အထည်ဖော်မည်ဆိုသည့် တော်ဝင်နွေဦးအိမ်ရာစီမံသည်လည်း မိနစ် ၉၀ အတွင်း မြေကွက်အားလုံးရောင်းကုန်ခဲ့ကြောင်း EoD က ပြောသည်။
“အရေးတကြီး လိုအပ်နေတဲ့ ဘဏ္ဍာရေးကို ဖြည့်ဆည်းဖို့ ဖော်ဆောင်ခဲ့တဲ့ Spring Yangon Investment Phase II ရဲ့ စီမံကိန်းများအနက် ဗဟန်းမြို့နယ်က တော်ဝင်နွေဦး ၄၀ ပေ x ၆၀ ပေ မြေကွက်များဟာ အရောင်းစတင်ပြီး မိနစ် ၉၀ အတွင်း ရောင်းကုန်သွားပါပြီ။ တော်လှန်ရေးကာလအတွင်း USD 28,800 ပေးသွင်းရတဲ့ မြေကွက် ၁၂၀ ဖြစ်ပါတယ်။ ဒီနေ့ ၂၂ အောက်တိုဘာမှာ စတင်ရောင်းချတဲ့ အခြား စီမံကိန်းများ ဖြစ်တဲ့ တော်ဝင်နွေဦး ၆၀ ပေ x ၈၀ ပေ နှင့် တောင်ဒဂုံက နွေဦးအောင်လံစီမံကိန်းဟာလည်း အရှိန်အဟုန်နဲ့ ရောင်းချ နေရပါတယ်” ဟု EoD က ကြေညာသည်။