၂၆. ၆. ၂၀၂၃
Written by Naing Thuta
(၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများနှင့်ဓာတုပစ္စည်းများကို မန္တလေးမြို့တွင် ယနေ့မနက်ပိုင်းက မီးရှို့ဖျက်ဆီးပွဲအခမ်းအနားပြုလုပ်ခဲ့ကြောင်း အမှတ်(၁)မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီးအုန်းခိုင်၏ ပြောပြချက်အရ သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်လေဆိပ်ဟောင်းအတွင်း၌ ယနေ့(ဇွန်လ ၂၆ ရက်) မနက် ၈ နာရီခွဲခန့်က (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့်ဓာတုပစ္စည်းများကို မီးရှို့ဖျက်ဆီးပွဲအခမ်း အနားကျင်းပခဲ့သည်။
အခမ်းအနားတွင် ဝန်ကြီးချုပ်ဦးမျိုးအောင်မှ အဖွင့်အမှာစကား ပြောကြားခြင်း၊ တိုင်းဒေသကြီးမူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ၊ လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းမှ SAC အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မူးယစ်ဆေး ဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ထံမှ ပေးပို့သောသဝဏ်လွှာအား ဖတ်ကြားခြင်း၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်စိန်လွင်မှ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်းနှင့်ပတ်သက်၍ရှင်းလင်းတင်ပြခြင်းများ ပြုလုပ်ခဲ့သည်။
ယင်းနောက် တာဝန်ရှိသူများက ဖမ်းဆီးရမိသည့် အမှုပေါင်း ၁၇၅၀ မှုမှ မူးယစ်ဆေးဝါးအမျိုးအစား ၈ မျိုး၊ စိတ်ပြောင်းဆေးဝါး ၁၁ မျိုး၊ ထိန်းချုပ်ဓာတုပစ္စည်း ၆ မျိုး၊ အခြားဆက်စပ်ဓာတုပစ္စည်း ၉ မျိုး၊ စုစုပေါင်း ၃၄ မျိုး၊ ကာလတန်ဖိုးမြန်မာငွေ ကျပ် ၁၄၄.၉၉၈၁ ဘီလျံ(အမေရိကန်ဒေါ်လာ ၆၉ ဒသမ ၁၄၆၇ သန်း) ဖိုးခန့်အား စက်ခလုတ်နှိပ်၍ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အစိုးရဝန်ကြီးများ၊ အထူးစစ်ဆင်ရေးအဖွဲ့မှူး (အထက်မြန်မာပြည်)ဗိုလ်ချုပ် ကျော်ကျော်လွင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဇော်ထွေး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဒုတိယရဲချုပ်(၂)ရဲဗိုလ်ချုပ် အောင်နိုင်သူနှင့် တပ်ဖွဲ့မှူးများ၊ တိုင်းဒေသကြီးတရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မန္တလေးအခြေစိုက်တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် Mr Chen Chen(ခ) ဦးခင်စိန် စသည့် ဖိတ်ကြားထားသူများ၊ စုစုပေါင်း ၁၁၀၀ ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။