၂၆. ၆. ၂၀၂၃
Written by Nay Moe
CDM တွေ ခဏပဲတောင့်ခံပေးပါလို့ NUG က လိမ်ညာခဲ့တယ်လို့ ပြောဆို စွပ်စွဲခံနေရသလို CDM အောင်မြင်အောင်လည်း မလုပ်နိုင်ခဲ့ဘူးလို့ NUG လို ဝန်ကြီး ဒေါက်တာတူးခေါင်က ဒီနေ့မှာ ဝန်ခံလိုက်ပါတယ်။
နွေဦးတော်လှန်ရေးအစမှာ နိုင်ငံ့ဝန်ထမ်းတွေကို CDM လုပ်ဖို့၊ CDM လုပ်ရင် ကျွေးထားမယ်လို့ ဖျားယောင်းခဲ့သလို CDM မလုပ်တဲ့ဝန်ထမ်းတွေကိုလည်း ရိုက်နှက်ခြိမ်းခြောက် လူမှုကွန်ရက်မှာ Social Punishment လုပ်တာတွေ အဓမ္မစည်းရုံးခဲ့တာကြောင့် ပြည်သူ့ဝန်ဆောင်မှုပေးတဲ့ ဆေးရုံတွေ၊ စာသင်ကျောင်းတွေ ပိတ်ပြီး ဒီဝန်ထမ်းအများစုက CDM လုပ်ခဲ့တာပါ။ ဒါကြောင့် ပညာရေးနဲ့ကျန်းမာရေးကဏ္ဍက ဒီနေ့အထိ အခက်ကြုံနေရတာပါ။ တစ်ဖက်မှာလည်း NUG ဟာ သူ့ယုံလို့ CDM လုပ်ထားသူတွေကို တစ်လ ၁၀၀၀၀၊ ၂၀၀၀၀ တောင် လူတိုင်းစေ့အောင်မပေးနိုင်လို့ CDM လုပ်သူတွေ ဘဝပျက်ကုန်ပါတယ်။ တချို့ကလည်း NUG ရဲ့ လိမ်လည်မှုကို ဆက်မခံတော့ဘဲ နိုင်ငံ့တာဝန်ပြန်ထမ်းဆောင်တာကြောင့် အရင် CDM လုပ်စက နိုင်ငံ့ဝန်ထမ်း ၇ သိန်းလောက်ပါတယ် ခန့်မှန်းခဲ့ကြပေမဲ့ လက်ရှိမှာတော့ CDM ဝန်ထမ်းက ၂ သိန်းလောက်ပဲကျန်တော့တယ်လို့ NUG က ဝန်ခံထားပါတယ်။
ဒီလိုမျိုး CDM မအောင်မြင်ရတာကလည်း ပညာရေး၊ ကျန်းမာရေးလို ပြည်သူ့ဝန်ဆောင်မှုပေးတဲ့သူတွေဖြစ်နေလို့ပါလို့ ဒေါက်တာတူးခေါင်ကပြောခဲ့သလို ပြည်သူ့ဝန်ဆောင်မှုပေးတဲ့သူတွေ CDM လုပ်တော့ ပြည်သူပဲထိခိုက်ရတဲ့အခြေအနေဖြစ်လာပါတယ်။
“CDM တွေကို ခဏလေး တောင့်ခံပေးပါဆိုပြီးညာတယ်။ CDM လုပ်တာနဲ့ တော်လှန်ရေး အောင်ရောလား ဆရာ ဆိုပြီးပြောလာတာရှိတယ်။ အစိုးရတစ်ရပ်ရဲ့ ယန္တရားဟာ လည်ပတ်ပေး (အလုပ် လုပ်ပေး) တဲ့ ဝန်ထမ်းမရှိရင် အစိုးရဆိုတာ ဖြစ်မလာဘူး။ တစ်ယောက်တည်း ထိုင်ပြီး အစိုးရလုပ်မရသလို အာဏာရှင်လည်းလုပ်လို့မရဘူး။ ဒီတော့ CDM လုပ်တာ အောင်မြင်ဖို့ ဆိုရင် လူညီဖို့တော့လိုတာပေါ့။ ရဲ၊ စစ်သား၊ ဥပဒေဝန်ထမ်းနဲ့ ထွေအုပ်တွေဟာ အဓိကကျတယ်။ ခက်တာက အဲ့ဒီဝန်ထမ်းတွေ လိုက်လာသူနည်းတယ်။ ပြည်သူ့ဝန်ဆောင်မှုပေးတဲ့ မီးရထား၊ ပညာရေး နဲ့ ကျန်းမာရေးဝန်ထမ်းပဲ များလာတာဆိုတော့ CDM အထိုက်အလျှောက်အောင်မြင်တယ် ဆိုပေမယ့် အာဏာရှင် ယန္တရားလုံးဝရပ်သွားအောင် မလုပ်နိုင်ခဲ့ဘူး။ အဲ့ဒါကြောင့်ပါ။ CDM လုပ်တာ အကျိုးမရှိတာမဟုတ် လူမညီတာကြောင့်ပါ။ ဂန္ဒီက အင်္ဂလိပ်ကိုလိုနီ အစိုးရ ယန္တရားရပ်ပစ်နိုင်ခဲ့တယ်။ ကျနော်တို့မလုပ်နိုင်ခဲ့ကြဘူး” လို့ ဒေါက်တာတူးခေါင်က ပြောပါတယ်။
လက်ရှိအချိန်မှာ CDM လုပ်မိတာကြောင့် နေရပ်လည်းပြန်မရ၊ အလုပ်လည်း လုပ်မရတာကြောင့် NUG ပေးမဲ့ တစ်လ ၁၀၀၀၀၊ ၂၀၀၀၀ လောက်ကိုပဲ CDM ဝန်ထမ်းတွေ မျှော်လင့်နေရသလို ဒီလို စားမလောက်တဲ့ ငွေ ၁၀၀၀၀ လောက်နဲ့ အဆင်မပြေကြောင်း ရေးမိပြောမိရင်လည်း NUG ထောက်ခံသူတွေ ဝိုင်းဝန်းတိုက်ခိုက်တာကို CDM လုပ်သွားတဲ့ ဝန်ထမ်းတွေ ခေါင်းငုံ့ခံနေရတဲ့အခြေအနေဖြစ်နေတယ်လို့လည်း CDM ဝန်ထမ်းတွေဆီက သိရပါတယ်။