၂၆. ၆. ၂၀၂၃
Written by Peya
အသစ်ပေါ်ထွက်လာသည့် မူးယစ်ဆေးများထုတ်လုပ်ရာတွင် အသုံးပြုသည့် ရှေ့ပြေး ဓာတုပစ္စည်းများကို ဥပဒေနှင့်အညီ အမိန့်ကြော်ငြာစာ ထုတ်ပြန် သတ်မှတ်ထိန်းချုပ်မည်ဖြစ်ကြောင်းနှင့် မူးယစ်ဆေးဝါးရှာဖွေရေးအတွက် ခေတ်မီ ပစ္စည်းများ သုံးမည်ဖြစ်ကြောင်း SAC အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က ဇွန်လ ၂၆ ရက်တွင် ပြောသည်။
၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့သို့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌအနေဖြင့် ပေးပို့သည့် သဝဏ်လွှာအတွင်း အထက်ပါအတိုင်း ထည့်သွင်းပြောကြားထားခြင်း ဖြစ်သည်။
မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းကို နိုင်ငံတော်အစိုးရအဆက်ဆက် အမျိုးသားရေးတာဝန်အဖြစ် သတ်မှတ်၍ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ခဲ့ကြပြီး မူးယစ်ဆေးဝါးသုံးစွဲသူများ၊ စိုက်ပျိုးသူများ၊ ထုတ်လုပ်သူများ၊ သယ်ဆောင်သူများ၊ ဖြန့်ဖြူး ရောင်းချသူများ အများအပြားကို ဖော်ထုတ်ဖမ်းဆီးရမိ အရေးယူခဲ့သော်လည်း မူးယစ်ဆေးဝါး တရားမဝင် သယ်ဆောင်ရောင်းဝယ်မှုများ လျော့နည်းသွားခြင်းမရှိကြောင်းကို တွေ့ရှိရကြောင်းလည်း သဝဏ်လွှာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးပြဿနာ ဖြေရှင်းနိုင်ရေးအတွက် ကုလသမဂ္ဂကွန်ဗင်းရှင်း ၃ ခုတွင် ပါဝင်လက်မှတ်ရေးထိုးထားပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို ကုလသမဂ္ဂ အပါအဝင် ဒေသတွင်းနိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ရန်ကုန်မြို့အခြေစိုက် မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် UNODC ၊ ဩစတြေးလျနိုင်ငံ AFP ၊ အမေရိကန်နိုင်ငံ DEA ၊ တရုတ်နိုင်ငံ NNCC ၊ ထိုင်းနိုင်ငံ ONCB တို့နှင့်လည်း တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် အမျိုးသားအဆင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေး မဟာဗျူဟာစီမံချက် ရေးဆွဲခဲ့ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် လုပ်ငန်းစီမံချက်များရေးဆွဲကာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးလုပ်ငန်းများကို လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းလည်း ရေးသားထားသည်။
ယနေ့မျက်မှောက်ခေတ်ကာလ မူးယစ်ဆေးဝါးပြဿနာအား ရှုမြင်သုံးသပ်ရာတွင် တားဆီးနှိမ်နင်းရေးနှင့် ထိရောက်သောတရားစီရင်ရေး ကဏ္ဍတစ်ခုတည်း ဆောင်ရွက်၍မရဘဲ ပြည်သူ့ ကျန်းမာရေး၊ လူမှုဘဝမြင့်မားရေး၊ လူသားချင်းစာနာထောက်ထားရေး၊ ဖွံ့ဖြိုးရေး၊ အခြေခံလွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးဆိုင်ရာကဏ္ဍများမှ ဘက်ပေါင်းစုံချဉ်းကပ်မှုပုံစံဖြင့် ပြဿနာ၏ အရင်းအမြစ်တစ်ခုလုံးကို လွှမ်းခြုံ၍ အပြန်အလှန် အမှီသဟဲပြုဆောင်ရွက်ရန် လိုအပ်လာကြောင်း တွေ့ရှိရကြောင်းလည်း သဝဏ်လွှာတွင် ရေးသားထားသည်။
“နိုင်ငံတော်အနေဖြင့် အသစ်ပေါ်ပေါက်လာသော မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများထုတ်လုပ်ရာတွင် အသုံးပြုသည့် ရှေ့ပြေးဓာတုပစ္စည်းများကို ဥပဒေနှင့်အညီ အမိန့် ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်ကာ ထိန်းချုပ်သွားမည်ဖြစ်သည့်အပြင် တိုးတက်ခေတ်မီသည့် မူးယစ်ဆေးဝါးရှာဖွေသည့်ကိရိယာများ၊ မူးယစ်ဆေးဝါးဆိုင်ရာမှုခင်းများ စုံစမ်းဖော်ထုတ်သည့် ပစ္စည်းကိရိယာများ၊ နည်းပညာ များကိုအသုံးပြုလျက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းများကို အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်” ဟု သဝဏ်လွှာတွင် ဖော်ပြထားသည်။