၂၄. ၆. ၂၀၂၃
Written by Nay Moe
Dagon Seikkan PDF က ဇွန်လ ၂၃ ရက်တွင် ကျည် ၁၂ ချက်ဖြင့် ချောင်းမြောင်းပစ်ခတ်၍ ကျဆုံးခဲ့သည့် ဦးလှကြည်အား YMBA ဂုဏ်ရည်ဘွဲ့ ချီးမြှင့်လိုက်သည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဝင် (၂) ဦးလှကြည်(၇၅-နှစ်) သည် ဇွန်လ ၂၃ ရက် ည ၇ နာရီကျော်က Hilux Surf အဖြူရောင်ယာဥ်ဖြင့် နေအိမ်သို့ပြန်လာစဥ် ယုဇနဥယျာဥ်မြို့တော် စီဘလောက် ၁ လမ်းနှင့် စိန်ပန်းလမ်းထောင့်အရောက် နောက်မှ ဆိုင်ကယ်တစ်စီးဖြင့်လိုက်ပါလာသော Dagon Seikkan PDF နှစ်ဦးက သေနတ်ဖြင့် ၁၂ ချက် ပစ်ခတ်ခဲ့သဖြင့် ဦးလှကြည်တွင် ယာရင်ဘတ်ကျည်ထိဒဏ်ရာနှစ်ချက်၊ ယာနံဘေးကျည်ထိမှန်ဒဏ်ရာတစ်ချက်၊ ဝဲရင်ဘတ်ကျည်ထိမှန်ဒဏ်ရာတစ်ချက်(စိုးရိမ်ရ)ရရှိခဲ့သဖြင့် ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရသည်။
ထို့ပြင် Hilux Surf ယာဉ်၏ ယာဘက် ရှေ့ လေကာမှန်ကွဲအက်ပျက်ဆီး၊ ဝဲဘက် ရှေ့လေကာမှန်တွင် ကျည်ဖောက်ဝင်ရာ (၃)ခု၊ ဝဲဘက် အလယ် လေကာမှန်တွင် ကျည်ဖောက်ဝင်ရာ (၃)ခု တွေ့ရှိခဲ့ပြီး Toyota Surf မှာလည်း လမ်းဘေးသို့ ထိုးဆင်းခဲ့ကာ ပစ်ခတ်မှု ဖြစ်ပွားသည့်နေရာမှ LUGER ကျည်ခွံ (၁၂)ခု တွေ့ရှိခဲ့သလို ဒဏ်ရာရရှိသူ ဦးလှကြည်ကို ဆေးရုံသို့ ပို့ဆောင်စဥ် ည ၈ နာရီကျော်တွင် ကွယ်လွန်ခဲ့သည်။
ဦးလှကြည်သည် တိုင်းပြည်အပေါ် သစ္စာရှိသူဖြစ်ပြီး အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ အကျိုးငှာ ကျရာနေရာမှ အစဉ်တစိုက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူဖြစ်သည်။ Dagon Seikkan PDF ၏ နောက်မှချောင်းမြောင်းပစ်ခတ် လုပ်ကြံခံရ၍ ကျဆုံးသွားသော ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ဒဂုံဆိပ်ကမ်းမြို့နယ် YMBA အသင်း ဥက္ကဋ္ဌ ဦးလှကြည်အား ဝိုင်အမ်ဘီအေ ဂုဏ်ရည်ဘွဲ့ကို ချီးမြင့်လိုက်သည်။ ဝိုင်အမ်ဘီအေ ဂုဏ်ရည်ဘွဲ့နှင့်အတူ ဈာပနတွင် ဝိုင်အမ်ဘီအေအလံတော် လွှမ်း၍ ဂုဏ်ပြုသဂြိုလ်ခွင့်ပြုလိုက်သည်ဟု YMBA ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ချီးမြှင့်စာတွင် ဖော်ပြထားသည်။