၂၄. ၆. ၂၀၂၃
Written by Min Mahar
အပြင်ကပြန်လာသော ရာအိမ်မှူးသားအဖနှစ်ဦးအား နေအိမ်ရှေ့၌ PDF အဖွဲ့မှ ၂ ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့၍ ရာအိမ်မှူးသေဆုံးကာ သားဖြစ်သူဒဏ်ရာရရှိမှု မန္တလေးမြို့တွင် ယမန်နေ့ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း မြို့ခံများ ပြောပြချက်အရ သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ ၈၄ လမ်းနှင့် ၈၅ လမ်းကြားတွင်နေထိုင်သည့် အသက် ၅၆ နှစ်ခန့်ရှိသော ရာအိမ်မှူးနှင့် အသက် ၂၁ နှစ်အရွယ်သားဖြစ်သူတို့နှစ်ဦးသည် ယမန်နေ့(ဇွန်လ ၂၃ ရက်နေ့)ည ၉ နာရီ ၁၀ မိနစ်ခန့်က ဒေါနခြံရပ်ကွက်မှ ၎င်းတို့ ချေးငှားထားသော နေ့ပြန်တိုးများကောက်ပြီး ပြန်လာခဲ့ရာ နေအိမ်ရှေ့သို့ ပြန်အရောက်တွင် ဆိုင်ကယ် ၁ စီးဖြင့် PDF အဖွဲ့မှအမျိုးသားလူငယ် ၂ ဦးတို့သည် ၁၀၅(A) လမ်းအတိုင်း အရှေ့မှအနောက်သို့ မောင်းနှင်လာကာ ရာအိမ်မှူးတို့သားအဖနှစ်ဦးအား သေနတ်ဖြင့် ၃ ချက်ပစ်ခတ်ပြီး ထွက်ပြေးသွားခဲ့သည်။ ထိုပစ်ခတ်မှုတွင် ရာအိမ်မှူးသည် ဦးခေါင်း၌ သေနတ်ဒဏ်ရာ ၂ ချက်(စိုးရိမ်ရ)နှင့် သားဖြစ်သူမှာမူ နောက်ကျောမှဗိုက်ကို ဖောက်ဝင်ဖောက်ထွက်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)တို့ ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် ဒေါနသုခလူမှုကူညီရေးကားဖြင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ ည ၉ နာရီ ၄၅ မိနစ်တွင် ရာအိမ်မှူးသည်ဆေးရုံ၌ သေဆုံးသွားခဲ့ကြောင်း အသတ်ခံရသည့် ရာအိမ်မှူးနှင့်အမျိုးတော်စပ်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
အခင်းဖြစ်ပွားသည့်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များလည်း ရောက်ရှိလာကာ သေနတ်ဖြင့်ပစ်ခတ်သွားသူတရားခံ ၂ ဦးအား ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့စစ်ဆေးပြုလုပ်ခဲ့ကြောင်းနှင့် အခင်းဖြစ်နေရာမှ USA 380 AUTO ကျည်ခွံ ၂ ခုတို့အား တွေ့ရှိခဲ့သဖြင့် သိမ်းဆည်းသွားကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။