၂၄. ၆. ၂၀၂၃
Written by Min Mahar
ရေပေးဝေသည့်ရေမြောင်းအတွင်း၌ မျက်နှာအဝတ်စည်း၍ လက်ပြန်ကြိုးတုပ်ထားပြီး ဒဏ်ရာများဖြင့် ပုပ်ပွသေဆုံးနေသည့် အမည်မသိအမျိုးသမီးအလောင်း ၁ လောင်းအား ယမန်နေ့က မတ္တရာမြို့နယ်တွင်တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဥ်မှာ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ လမိုင်းကျေးရွာအုပ်စု၊ ကျောက်တံတား ရွာသစ်ကျေးရွာရှိ ငါးလုံးပြွန်ရေပေးဝေရေး ရေမြောင်းအတွင်း၌ ယမန်နေ့နေ့လည်ပိုင်းက အသက် ၄၀ ခန့်ရှိသည့် အမည်မသိအမျိုးသမီးတစ်ဦးသည် မျက်နှာကို အဝတ်စည်းထားပြီး လက်ပြန်ကြိုးတုပ်လျက်ဒဏ်ရာများဖြင့် ရုပ်ပျက်ဆင်းပျက်ဖြစ်ကာ ပုပ်ပွသေဆုံးနေကြောင်း ဒေသခံလူမှုညီရေးအဖွဲ့များထံမှ သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အလောင်းတွေ့ရှိသည့်နေရာသို့ သွားရောက်စစ်ဆေးခဲ့ပြီး အလောင်းအား မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါအမျိုးသမီးသည် လည်ပင်းပြတ်ရှဒဏ်ရာ ၁ ချက်၊ နောက်ကျောမှဝဲဘက်ရင်အုံကို ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်တို့ဖြင့် သေဆုံးကာ ပုပ်ပွနေကြောင်းနှင့် သေဆုံးသွားသူသည် မည်သူမည်ဝါဖြစ်ပြီး မည်သူ့လက်ချက်ကြောင့် သေဆုံးသွားသည်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းလျှက်ရှိကြောင်း သိရသည်။