၂၄. ၆. ၂၀၂၃
translated by Htwe Ko Tun
ထိုင်းနိုင်ငံတွင် မေလ ၁၄ ရက်က ကျင်းပသော အထွေထွေရွေးကောက်ပွဲ၌ အနိုင်ရခဲ့သည့် Move Forward Party (MFP) ၏ခေါင်းဆောင် ပီတာ လင်ဂျာရွန်ရတ် ပိုင်ဆိုင်သော ပစ္စည်းဥစ္စာများနှင့် ကြွေးမြီများ ကြေညာပြောကြားမှုနှင့်ဆက်စပ်နေသောကိစ္စများအား အထက်လွှတ်တော်ကော်မတီအဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိရာ ပီတာ၏ ဝန်ကြီးချုပ်နေရာရရှိရေး ကြိုးစားမှုမှာ အခက်အခဲ၊ အတားအဆီးများနှင့် ပို၍ ကြုံလာရဖွယ်ရှိကြောင်း ခန့်မှန်းလျက်ရှိကြသည်။
ထိုသို့စုံစမ်းစစ်ဆေးမှုက ၎င်း၏အရည်အသွေးများကို စစ်ဆေးခြင်းဖြစ်သလို အထက်လွှတ်တော်အမတ်များတွင်လည်း လွှတ်တော်၌ ၎င်းအားမဲမပေးကြသူ ပို၍များပြားလာစေရန် လက်ခံယုံကြည်လာစေမည်ဖြစ်သည်။
အထက်လွှတ်တော် နိုင်ငံရေးဆိုင်ရာတိုးတက်မှုနှင့် ပြည်သူများပါဝင်ဆောင်ရွက်မှုကော်မတီ ဥက္ကဋ္ဌ ဆီးရီး ဆူဝန်ပါနွန့်က အထက်လွှတ်တော်ကော်မတီအနေဖြင့် ပီတာ၏ အရည်အသွေး သတ်မှတ်ချက်များနှင့် အရည်အချင်းပြည့်မီမှုတို့က မေလ ၁၄ ရက် ရွေးကောက်ပွဲအတွက် ကိုက်ညီမှုရှိ မရှိ စုံစမ်းမှုပြုခဲ့ကြောင်း ဇွန်လ ၂၃ ရက်တွင် ပြောခဲ့သည်။
မစ္စတာ ဆီးရီးက “ပီတာရဲ့ အရည်အသွေးသတ်မှတ်ချက်တွေနဲ့ ဆက်စပ်နေတဲ့၊ သူပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာနဲ့ ကြွေးမြီတွေကို သက်ဆိုင်ရာဌာနတွေကနေ ကော်မတီက အချက်အလက်ရယူနေတယ်” လို့ ပြောခဲ့ကြောင်းသိရသည်။
၎င်းက အထက်လွှတ်တော်အမတ် ၂၀ ခန့်က ၎င်းတို့အနေဖြင့် ရွေးကောက်ပွဲတွင် မဲ အများဆုံးရခဲ့သော မည်သည့်ပါတီ၏ ဝန်ကြီးချုပ်လောင်းကိုမဆို ထောက်ခံမဲပေးသွားမည်ဖြစ်ကြောင်း ပြောခဲ့ကြသည်ဟု ဆိုခဲ့သည်။
သို့သော် ၎င်းက “အထက်လွှတ်တော်အမတ်အများစုက ပီတာရဲ့အမည်ကို ရည်ညွှန်းပြီးထောက်ခံမယ်လို့ ပြောခဲ့ကြတာမဟုတ်ဘူး။ ကျွန်တော်သိသမျှတော့ ပီတာကိုထောက်ခံမယ်လို့ ပြောခဲ့ကြတဲ့တချို့ကလည်း နောက်ပိုင်းမှာ သဘောထား ပြောင်းကုန်ကြတယ်” ဟုပြောခဲ့သည်။
ရွေးကောက်ပွဲကော်မရှင်ကလည်း ပီတာအနေဖြင့် iTV Plc မီဒီယာ၏ အစုရှယ်ယာများကို ပိုင်ဆိုင်ခဲ့မှုကြောင့် ရွေးကောက်ပွဲယှဉ်ပြိုင်ရန် သတ်မှတ်အရည်အချင်းနှင့်မကိုက်ညီဟု စွပ်စွဲချက်များကိုလည်း စုံစမ်းလျက်ရှိကြောင်း သိရပြန်သည်။
MFP ပါတီ၏ တစ်ဦးတည်းသော ဝန်ကြီးချုပ်လောင်းအဖြစ် တင်သွင်းသူဖြစ်သည့် ပီတာ ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ခဲ့စဉ်က iTV မီဒီယာ၏ အစုရှယ်ယာ ၄၂,၀၀၀ ကို ပိုင်ဆိုင်ခဲ့သောကြောင့် သတ်မှတ်ချက်နှင့်မကိုက်ညီခဲ့ဟု ပီတာ အပေါ်စွပ်စွဲချက်များလည်း ရှိနေသည်။
သို့သော် ပီတာကမူ ထိုစွပ်စွဲချက်ကို မမှန်ကန်ဟု ငြင်းဆိုခဲ့ပြီး ၎င်းအနေဖြင့် မိသားစုပိုင်အမွေများကို သေတမ်းစာအရဆောင်ရွက်ပိုင်ခွင့်ရှိသူအနေဖြင့်သာ ဆောင်ရွက်ခဲ့ခြင်းဟု ပြန်လည်ပြောကြားခဲ့သည်။ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မစ္စတာသီတီချက် နျူချာနတ် က ကော်မရှင်အနေဖြင့် iTV အမှုဆောင်များနှင့်ပီတာတို့အား စစ်ဆေးမေးမြန်းရန် ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း၊ iTV ၏ အစုရှယ်ယာရှင်အစည်းအဝေးနောက်ဆုံးမှတ်တမ်းနှင့် စည်းဝေးပွဲမှတ်တမ်း ကူးရေးချက်များအပါအဝင် စွပ်စွဲချက်အပေါ် သက်သေများကိုလည်း စစ်ဆေးသွားမည်ဟုပြောခဲ့သည်။
ထို့ပြင် ပီတာ၏ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုကြေညာချက်နှင့်ပတ်သက်သော အချက်အလက်များကိုလည်း ရွေးကောက်ပွဲကော်မရှင်၏စုံစမ်းမှုအတွက် လိုအပ်သည်ဟု ပြောခဲ့သည်။
ထို့ကြောင့်လည်း ရွေးကောက်ပွဲအနိုင်ရ၍ ဝန်ကြီးချုပ်နေရာရယူရန် မျှော်မှန်းကြိုးစားနေသော MFP ပါတီဥက္ကဋ္ဌ ပီတာအဖို့ များပြားလာသော ၎င်းအပေါ်စွပ်စွဲချက်များက ၎င်း၏မျှော်မှန်းချက်ကို အခက်အခဲ အတားအဆီးများပို၍ ဖြစ်လာစေမည်ဟုသာ သုံးသပ်ရပေသည်။
Ref—– Bangkok Post