၂၄. ၆. ၂၀၂၃
Translated by Pan Ei
ပခုက္ကူမြို့က အထက်တန်းပြဆရာမ ဒေါ်ခင်မင်းဦးကို PDF ၁၂ ယောက်က မိသားစုရှေ့မှာ ဒူးထောက်ထိုင်ခိုင်းကာ သတ်ဖြတ်ပြီး ရွှေတွေ၊ ငွေတွေ၊ ဆိုင်ကယ်တွေ၊ ဖုန်းတွေ လုယက်သွားတဲ့အကြောင်း နိုင်ငံတကာသံရုံးတွေဆီ ပေးပို့ထားတဲ့ အိတ်ဖွင့်ပေးစာဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့လာနေတာ တွေ့ရပါတယ်။
SAC ကြောင့် သေဆုံးရမှုတွေကိုပဲ အမြဲပြောနေပြီး စည်းမဲ့ကမ်းမဲ့သတ်ဖြတ်နေတဲ့ NUG, PDF တွေရဲ့သတ်ဖြတ်မှုကို အမြဲနှုတ်ဆိတ်နေတဲ့ “နိုင်ငံတကာ သံတမန်အဖွဲ့အစည်းတွေ၊ ကာကွယ်ရေး စစ်သံမှူးရုံးတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို လိပ်မူထားတဲ့ ဒီအိတ်ဖွင့်ပေးစာဟာ ဇွန်လ ၂၂ ရက် ရက်စွဲနဲ့ လိပ်မူထားတာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်က မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲတွေ ပေါ်ပေါက်လာတာကြောင့် နိုင်ငံရေး မကျေနပ်မှုတွေနဲ့ပတ်သက်ပြီး လူအများကြား အကြမ်းဖက်မှု၊ လူသတ်မှုတွေလုပ်ဆောင်ဖို့ အစွန်းရောက်ဝါဒ အတွေးအခေါ်တွေ တွင်ကျယ်ပျံ့နှံ့အောင် ရည်ရွယ်ချက်ချက်ရှိရှိလုပ်ဆောင်လာကြပါတယ်။ ဒီလိုအစွန်းရောက်ဝါဒဖြန့်မှုတွေရဲ့ အဆိုးဆုံးလုပ်ရပ်အဖြစ်တော့ လူ့အဖွဲ့အစည်းအတွက် အခြေခံအကျဆုံးနဲ့ မရှိမဖြစ်လိုအပ်ပြီး အစိုးရအုပ်ချုပ်ရေးယန္တရားတွေနဲ့ လုံးဝသက်ဆိုင်ခြင်းမရှိတဲ့ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတွေဟာ တိုက်ခိုက်ခံရပြီး အကြမ်းဖက်ခံနေရတာကို မြင်တွေ့ရတာဟာ လုံးဝကို ထိတ်လန့်စရာပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ဖြစ်ပွားနေတာပါလို့ အခိုင်အမာဆိုနေကြတဲ့ နိုင်ငံတကာအသိုင်းအဝန်းဟာ NUG/PDF တွေက စစ်ဘက်ကမဟုတ်တဲ့ အရပ်သားပစ်မှတ်တွေကို အကြမ်းဖက် သတ်ဖြတ်နေတာတွေကိုတော့ လျစ်လျူရှုထားပြီး အစိုးရကိုသာ ဖိအားပေးနေပါတယ်။ ရလဒ်အနေနဲ့ကတော့ ၂၀၂၃ ခုနှစ် ဇွန်လ ၁၇ ရက်မှာ နောက်ထပ် ကြောက်စရာကောင်းတဲ့ အဖြစ်အပျက်တစ်ခု ထပ်မံဖြစ်ပွားခဲ့ပါတယ်။
အဲဒီ ဇွန်လ ၁၇ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်မှာ ဘိုဟိန်း ဦးဆောင်တဲ့ PDF အဖွဲ့ဝင် ၁၂ ဦးဟာ ပခုက္ကူမြို့နယ်ကနေ အရှေ့မြောက်ဘက် ၃ မိုင်အကွာ “ကြီး”ကျေးရွာမှာရှိတဲ့ အခြေခံပညာအထက်တန်းကျောင်း(စက်မှုဇုန်)က အထက်တန်းပြဆရာမ အသက် ၄၆ နှစ်အရွယ် ဒေါ်ခင်မင်းဦးရဲ့ နေအိမ်ကို ရောက်ရှိလာခဲ့ကြပါတယ်။ အဲ့ဒီနောက်မှာ ဒေါ်ခင်မင်းဦးက NUG ရဲ့ CDM မှာ မပါဝင်လို့စွပ်စွဲပြီး သူမရဲ့ ဦးခေါင်းကို ကျည်ဆံနှစ်တောင့်နဲ့ ပစ်သတ်ခဲ့ပါတယ်။ သူမကို သူမရဲ့ခင်ပွန်းဖြစ်သူ ဦးမျိုးသက်ထွန်း (ကွန်ပြူတာဝန်ဆောင်မှု) နဲ့ ကလေးငယ်တွေအပါအဝင် အတင်းအဓမ္မသေနတ်ပြ ဒူးထောက်ထိုင်ခိုင်းထားတဲ့ မိသားစုဝင်အားလုံး ရှေ့မှောက်မှာ ရက်စက်စွာ သတ်ပစ်ခဲ့တာဖြစ်ပါတယ်။
ဆရာမ ဒေါ်ခင်မင်းဦး က “သူမ အသက်မွေးဝမ်းကြောင်းအတွက် CDM မှာ မပါဝင်ခဲ့ကြောင်းနဲ့ လုပ်ပေးရမယ်ဆိုလည်း အခုကျောင်းသားတွေကို သင်ပေးတော့မှာ မဟုတ်ပါဘူး” လို့ တောင်းပန်ခဲ့ပေမဲ့ PDF တွေက ရက်စက်စွာ သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။ ဆရာမကို သတ်ဖြတ်ခဲ့တဲ့အပြင် PDF တွေက သူမရဲ့ဆိုင်ကယ်၊ ဖုန်း၊ ရွှေထည်ပစ္စည်းတွေ၊ အဖိုးတန်ပစ္စည်းတွေနဲ့ ငွေသားတွေဖြစ်တဲ့ သူမရဲ့ ပစ္စည်းတွေကိုလည်း လုယူခဲ့ပါသေးတယ်။ ကျောင်းသားတွေကို စာသင်ပေးနေတဲ့ ဆရာတွေကို အကြမ်းဖက်ပြီး သတ်ဖြတ်တဲ့ အစွန်းရောက်ဝါဒကို မြန်မာပြည်မှာပဲ တွေ့နိုင်မယ်လို့လည်း ကျွန်တော်ထင်ပါတယ်။
လက်နက်မဲ့ အမျိုးသမီးဝန်ထမ်းတစ်ဦး သတ်ဖြတ်ခြင်းခံရတာဟာ အခုဖြစ်စဉ်က ပထမဆုံးအကြိမ်မဟုတ်ဘဲ ကျောင်းဆရာ ၂၀ ဦးနဲ့ ကျောင်းဆရာမ ၁၉ ဦး အသတ်ခံထားရပြီးပြီလည်း ဖြစ်ပါတယ်။ အဲဒီအထဲမှာမှ ဆရာမတချို့က ခေါင်းဖြတ်ခံခဲ့ရပါတယ်။ အခုလိုမျိုး ရက်စက်ကြမ်းကြုတ်တဲ့ ဖြစ်ရပ်တွေဟာ CDM မလုပ်တဲ့သူတွေကို NUG ရဲ့ အပြစ်ပေးတဲ့မူဝါဒရဲ့ ရလဒ်တွေသာဖြစ်တယ်လို့ မြန်မာနိုင်ငံတဝှမ်းလုံးက သိရှိပြီးသားဖြစ်ပါတယ်။ NUG နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းတွေနဲ့ ပတ်သက်နေတဲ့ အချို့နိုင်ငံတွေကလည်း ဆိုရှယ်မီဒီယာစာမျက်နှာတွေမှာ ရံဖန်ရံခါ ပေါက်ကြားနေတဲ့ NUG က ပြည်သူတွေကို စာရင်းပြုစုသတ်ဖြတ်ခိုင်းတဲ့ ‘Hit-lists’ တွေကို သတိပြုမိကြပါတယ်။
ဒီစာကို ရေးရခြင်းရဲ့ အဓိကရည်ရွယ်ချက်က NUG နဲ့ PDF တွေဟာ နိုင်ငံတကာအသိုင်းအဝိုင်းက အကြမ်းဖက်လုပ်ရပ်တွေလို့ သတ်မှတ်ထားတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်နေတဲ့ တကယ့်အကြမ်းဖက်သမားတွေ ဖြစ်တယ်ဆိုတာကို ကမ္ဘာကို အသိပေးဖို့ ဖြစ်ပါတယ်။
အသိစိတ်ရှိတဲ့ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ကမ္ဘာမှာ အကြမ်းဖက်မှုပုံစံသစ် ပေါ်ပေါက်လာတာကို လျစ်လျူရှုပြီး SAC အစိုးရကိုသာ ဖိအားပေးနေတာဟာ မြန်မာနိုင်ငံတွင်း နေထိုင်နေကြတဲ့ အပြစ်မဲ့ပြည်သူတွေ အပါအဝင် လူသားအားလုံးအတွက် လုံးဝ တာဝန်မဲ့တဲ့ လုပ်ရပ်ဖြစ်တယ်လို့ နိုင်ငံတကာ အသိုင်းအဝန်းကို သတင်းစကားပါးလိုက်ပါတယ်။
(မှတ်ချက်။ လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ပခုက္ကူ ကြီးရွာက အထက်တန်းပြဆရာမ ဒေါ်ခင်မင်းဦးကို PDF ၁၂ ဦးက သတ်ဖြတ်တဲ့အကြောင်း နိုင်ငံတကာသံရုံးတွေဆီ ပေးပို့တဲ့ အိတ်ဖွင့်ပေးစာကို MT News သတင်းဌာနက ဆီလျော်အောင် ဘာသာပြန်ထားတာဖြစ်ပါတယ်)