MT News
Written by Min Mahar
ရွှေဘိုမြို့နယ်၊ တဂဏန်းကျေးရွာရှိ ကားလမ်းဘေးတွင် PDF အဖွဲ့မှထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် လမ်းပေါ်၌သွားနေသောမော်တော်ယာဉ်အားထိမှန်ကာ ယာဉ်မောင်းအမျိုးသားဒဏ်ရာရရှိမှု ဇွန်လ ၂၂ ရက်ကဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၂၂ ရက် မနက် ၁၁ နာရီ ၃၀ မိနစ်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၉)ရပ်ကွက်၌ နေထိုင်သော အသက် ၄၆ နှစ်အရွယ်ခန့်ရှိသည့်အမျိုးသားသည် KLUGER အမျိုးအစား အနက်ရောင်မော်တော်ယာဉ်ဖြင့် ရွှေဘိုမြို့မှ တစ်ဦးတည်းကားမောင်းလာစဉ် ရွှေဘိုမြို့၏တောင်ဘက် တစ်မိုင်ခန့်အကွာရှိ တဂဏန်းကျေးရွာသို့ အရောက်တွင် လမ်း၏ဝဲဘက်ခြမ်းမှ PDF အဖွဲ့ထောင်ထားသော လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲခဲ့သဖြင့် မော်တော်ကားအား မိုင်းစများထိမှန်ကာ ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
အဆိုပါပေါက်ကွဲမှုကြောင့် ယာဉ်မောင်းအမျိုးသားသည် နဖူးပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ဦးခေါင်းညာဘက်ချိုစောင်းပွန်းပဲ့ဒဏ်ရာ ၁ ချက်၊ ညာဘက်ခြေဖဝါး ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်ဒူးပွန်းပဲ့ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)တို့ ရရှိခဲ့သဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် ရွှေဘိုမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကာ ဆေးကုသမှုခံယူနေကြောင်း ဒဏ်ရာရရှိသူနှင့်ဆွေမျိုးတော်စပ်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။