MT News
Written by Min Mahar
ပခုက္ကူမြို့နယ်၊ ကမ္မမြို့၊ အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးသည် နေအိမ်၌တရားခွေနားထောင်နေစဉ် PDF အဖွဲ့မှ လူ ၂ ဦးရောက်လာပြီး ၎င်းတို့နှင့်လိုက်ခဲ့ရန်ခေါ်သည်ကို မလိုက်၍ဆိုကာ သေနတ်ဖြင့်ပစ်သတ်သွားမှု ဇွန်လ ၂၃ ရက် မနက်ကဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၂၃ ရက် မနက် ၈ နာရီခန့်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့၊ အမှတ်(၄)ရပ်ကွက်၏ အသက် ၇၇ နှစ်အရွယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးသည် နေအိမ်အတွင်းရှိ ထန်းလက်ကုလားထိုင်ပေါ်တွင်ထိုင်ပြီး တရားခွေနားထောင်နေစဉ် ချောင်းဆုံကျေးရွာဘက်မှ အသက် ၂၀ ခန့်ရှိသည့် PDF အဖွဲ့ဝင် ၂ ဦးသည် ဆိုင်ကယ် ၁ စီးဖြင့်ရောက်ရှိလာပြီး နေအိမ်ရှေ့ ဆိုင်ကယ်ရပ်၍ နေအိမ်အတွင်းသို့ဝင်လာကာ ရပ်ကျေးအုပ်ချုပ်ရေးမှူးဖြစ်သူအား ၎င်းတို့နှင့် ခဏလိုက်ခဲ့ရန်ပြောဆိုစဉ် မလိုက်လိုကြောင်းငြင်းဆန်ခဲ့သဖြင့် ၎င်းတို့ ၂ ဦးအနက်မှ ၁ ဦးသည် ခါးကြားမှသေနတ်အတိုတစ်လက်ထုတ်ကာ တစ်ချက်ပစ်ခတ်ခဲ့၍ ရပ်ကျေးအုပ်ချုပ်ရေးမှူးဖြစ်သူမှာ နေအိမ်ရှေ့တွင်လဲကျသေဆုံးသွားပြီး ၎င်းတို့နှစ်ဦးသည်လည်း လာရာလမ်းအတိုင်းပြန်ထွက်သွားကြောင်း သေဆုံးသူအုပ်ချုပ်ရေးမှူး၏ သမီးဖြစ်သူပြောပြချက်အရ သိရသည်။
အဆိုပါအခင်းဖြစ်ပွားသည့်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး အနီးပတ်ဝန်းကျင်များကိုလည်းလိုက်လံပိတ်ဆို့ကာ စုံစမ်းစစ်ဆေးမှုများဆောင်ရွက်၍ သေဆုံးသူ၏အလောင်းအား ဒေသခံလူမှုကူညီရေးအသင်းယာဉ်ဖြင့် ပခုက္ကူပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ပစ်ခတ်ခဲ့သူ PDF အဖွဲ့ဝင် ၂ ဦးအား ကမ္မမြို့မရဲစခန်းမှ (ပ)၁၈/ ၂၀၂၃၊ ၂၀၁၄ခုနှစ်အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (က)/၅၄ဖြင့် အမှုဖွင့်လှစ်ကာ တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။