MT News
Translated by Htwe Ko Tun
၂၀၂၃ အာဆီယံလေတပ်များ၏ ဥက္ကဋ္ဌအဖြစ် မြန်မာ့တပ်မတော်(လေ) ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးထွန်းအောင်က တက်ရောက်ခဲ့သည်။
ထို့အတွက် ကုလသမဂ္ဂကျွမ်းကျင်သူ သောမတ်စ်အန်ဒရူးက ပဋိပက္ခဖြစ်ပွားနေသော မြန်မာနိုင်ငံ၌ အရပ်သားများအပေါ်တိုက်ခိုက်မှုများ ပိုမိုများလာနေသော်လည်း အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ တရားဝင်အစည်းအဝေးများသို့ မြန်မာအစိုးရအားဖိတ်ကြားမှုများအပေါ်စိုးရိမ်မိပါကြောင်း ဇွန်လ ၂၁ ရက်က ဝေဖန် ပြောကြားခဲ့သည်ဟု သတင်းများက ဆိုသည်။
အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတစ်ခု၌ မြန်မာ့အရေးလူ့အခွင့်အရေးအခြေအနေဆိုင်ရာအထူးတင်သွင်းသူ သောမတ်စ် အန်ဒရူးက ၎င်းအနေဖြင့် မြန်မာအစိုးရက အာဆီယံ၏ ကာကွယ်ရေးဆိုင်ရာအစည်းအဝေးများတွင် ပါဝင်တက်ရောက်လာခြင်းအပေါ် အများဆုံးစိုးရိမ်မိပါကြောင်း ပြောလာခဲ့ပြီး ထိုသည်မှာ ၂၀၂၃ ခုနှစ် အာဆီယံနိုင်ငံများ၏ လေတပ်အကြီးအကဲများအစည်းအဝေး၌ မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး ထွန်းအောင်အား ဥက္ကဋ္ဌအဖြစ်ခန့်ထားတက်ရောက်ခဲ့ခြင်းကို ရည်ညွှန်းခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်ကြီးထွန်းအောင်အား မြန်မာနိုင်ငံ၏ ကျေးရွာများအပေါ် တိုက်လေယာဉ်များဖြင့်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းအတွက် တာဝန်ရှိသည်ဟု စွပ်စွဲကြကာ အမေရိကန်၊ ဗြိတိန်၊ ကနေဒါနှင့် ဥရောပသမဂ္ဂတို့က ပိတ်ဆို့မှုပြုထားကြသည်။
ထို့အတူ မေလအတွင်းက မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်က ၂၀၂၄ ခုနှစ် အာဆီယံရေတပ်အကြီးအကဲများအစည်းအဝေးသို့တက်ရောက်ခဲ့ခြင်းကိုလည်း အန်ဒရူး က ထည့်သွင်း ပြောကြားခဲ့သေးသည်။
အာဆီယံနိုင်ငံများ၏ အကြမ်းဖက်မှုတုံ့ပြန်ရေးအတွက် ကာကွယ်ရေးဝန်ကြီးများနှင့်ကျွမ်းကျင်သူများ၏ လုပ်ငန်းအုပ်စုအစည်းအဝေးကို ရုရှားနှင့်အတူတကွကျင်းပရာ၌လည်း မြန်မာနိုင်ငံက ပူးတွဲသဘာပတိ အဖြစ်ကျင်းပခဲ့ကာ အဆိုပါအစည်းအဝေးများသို့ အင်ဒိုနီးရှားနိုင်ငံကလည်း တက်ရောက်ခဲ့သည်။
အန်ဒရူးကမူ”ဒီလိုဆောင်ရွက်မှုတွေကြောင့် အာဆီယံအသင်းကြီးရဲ့ ဂုဏ်သိက္ခာကိုထိခိုက်လျော့ပါးစေရုံမကဘဲ မြန်မာစစ်အစိုးရကို တရားဝင်ဖြစ်စေကာ မြန်မာပြည်သူတို့ရဲ့ ဆင်းရဲဒုက္ခကိုကြာရှည်စေမှာ ဖြစ်တယ်” ဟု ပြောခဲ့ပြန်သည်။
အာဆီယံအဖွဲ့က ထိုကဲ့သို့သော အန်ဒရူး၏ ပြောကြားချက်များကို ထိုအစည်းအဝေးများက နည်းပညာပိုင်းဆိုင်ရာ အစည်းအဝေးများသာဖြစ်၍ ထိုအစည်းအဝေးများ၌ မြန်မာနိုင်ငံ၏ နိုင်ငံရေးဆိုင်ရာပူးပေါင်းပါဝင်မှု အဆင့်အား တားမြစ်ထားခြင်းအပေါ် ချိုးဖောက်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်ဟု အန်ဒရူးက ဆိုသည်။
သို့သော် ၎င်းက “ ဒီလိုဖိတ်ကြားတာလက်မခံနိုင်ပါဘူး။ မြန်မာအစိုးရကို အာဆီယံအစည်းအဝေးတွေမှာ မတက်ရောက်စေသင့်ဘူး” ဟုသာ တစ်ဖက်သတ်ပြောခဲ့သည်။
ထို့ပြင် ၎င်းက အင်ဒိုနီးရှားအစိုးရအား ခေါင်းဆောင်မှုကိုပြသရန် တိုက်တွန်းပါကြောင်း၊ အခြားသောအာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ မြန်မာအစိုးရအားဖိတ်ကြားခံရသည့်အစည်းအဝေးများသို့တက်ရောက်ခြင်းမပြုစေလိုကြောင်း ပြောခဲ့သေးသည်ဟု သိရသည်။
ပုံစာ။ ယမန်နှစ်က ကျင်းပသည့် အာဆီယံလေချုပ်များအစည်းအဝေးကို မြန်မာ့တပ်မတော်(လေ) အကြီးအကဲတက်ရောက်စဥ်။
Ref—- antaranews