၂၄. ၆. ၂၀၂၃
Written by Thettant
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် စီမံအုပ်ချုပ်မှုကော်မတီဝင်ကို Dagon Seikkan PDF က သေနတ်ဖြင့် ၁၂ ချက်ပစ်ခတ်ခဲ့၍ ဆေးရုံတင်ကုသစဥ် ကွယ်လွန်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဝင် (၂) ဦးလှကြည်သည် ဇွန်လ ၂၃ ရက် ည ၇ နာရီကျော်က Hilux Surf အဖြူရောင်ယာဥ်ဖြင့် နေအိမ်သို့ပြန်လာစဥ် ယုဇနဥယျာဥ်မြို့တော် C ဘလောက် ၁ လမ်းနှင့် စိန်ပန်းလမ်းထောင့်အရောက် နောက်မှ ဆိုင်ကယ်တစ်စီးဖြင့်လိုက်ပါလာသော Dagon Seikkan PDF နှစ်ဦးက သေနတ်ဖြင့် ၁၂ ချက် ပစ်ခတ်ခဲ့သဖြင့် ဦးလှကြည်တွင် ယာရင်ဘတ်ကျည်ထိဒဏ်ရာနှစ်ချက်၊ ယာနံဘေးကျည်ထိမှန်ဒဏ်ရာတစ်ချက်၊ ဝဲရင်ဘတ်ကျည်ထိမှန်ဒဏ်ရာတစ်ချက်(စိုးရိမ်ရ)ရရှိခဲ့သဖြင့် ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ကြောင်းသိရသည်။
ထို့ပြင် Hilux Surf ယာဉ်၏ ယာဘက် ရှေ့လေကာမှန်ကွဲအက်ပျက်ဆီး၊ ဝဲဘက် ရှေ့လေကာမှန်တွင် ကျည်ဖောက်ဝင်ရာ (၃)ခု၊ ဝဲဘက် အလယ် လေကာမှန်တွင် ကျည်ဖောက်ဝင်ရာ (၃)ခု တွေ့ရှိခဲ့ပြီး Toyota Surf မှာလည်း လမ်းဘေးသို့ ထိုးဆင်းခဲ့ကာ ပစ်ခတ်မှု ဖြစ်ပွားသည့်နေရာမှ LUGER ကျည်ခွံ (၁၂)ခု တွေ့ရှိခဲ့ပြီး ဒဏ်ရာရရှိသူ ဦးလှကြည်အား ဆေးရုံသို့ ပို့ဆောင်ခဲ့စဥ် ည ၈ နာရီကျော်တွင် ကွယ်လွန်ခဲ့သည်ဟု သိရသည်။
“သူက PDF တွေက အကြမ်းဖက်တွေလို့ ပြောထားတာရော၊ ပြီးခဲ့တဲ့လထဲ စျေးတွေကျုးတွေဖျက်ခံရတော့ အငြိုးထားခံနေရတာကြာပြီ။ မနေ့ညကတော့ သူချောင်းအပစ်ခံရတာပေါ့။ အမြန်ဆုံးဆေးရုံတင်ပေးပေမဲ့ ရတဲ့ဒဏ်ရာတွေကပြင်းတော့ ည ၈ နာရီကျော်မှာ ဆုံးသွားတာ”ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက MT News သို့ပြောသည်။
ဦးလှကြည်သည် ဒဂုန်မြို့သစ်ဆိပ်ကမ်းမြို့နယ်၏ YMBA ဥက္ကဋ္ဌဟုလည်း သိရပြီး ကွယ်လွန်ချိန်တွင် အသက် ၇၅ နှစ်အရွယ် ရှိနေပြီဖြစ်သည်။