၂၃. ၆. ၂၀၂၃
Written by Peya
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန “Ministry of Cooperatives and Rual Development” နာမည်ဖြင့် ဖွင့်လှစ်ထားသည့် လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာ Hack ခံထားရပြီး မဖွယ်မရာအပြာ Video များ ဆက်တိုက် တင်နေကြောင်း ဇွန်လ ၂၃ ရက်တွင် တွေ့မြင်ရသည်။
အဆိုပါ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ဝန်ကြီးဌာန၏ ယခင်က သုံးခဲ့သည့် အင်တာနက် စာမျက်နှာဖြစ်ပြီး ယခုသုံးစွဲမှုမရှိတော့သည့် Page ဖြစ်ကြောင်း MT News သတင်းဌာနက စုံစမ်းသိရပြီး အဆိုပါ ဖေ့စ်ဘွတ်ခ်ပေ့ချ်တွင်လည်း မေလ ၁၃ ရက် အထိသာ ဝန်ကြီးဌာန၏ ပုံမှန် လုပ်ဆောင်ချက် သတင်းများ ဖော်ပြထားသည်ကို တွေ့ရကာ ယင်းနောက်ပိုင်းတွင် ဖော်ပြခြင်းများ မရှိတော့ကြောင်းလည်း တွေ့မြင်ရသည်။
မေလ ၁၃ ရက်မှစတင် အသုံးပြုမှုမရှိတော့သည့် အဆိုပါ “Ministry of Cooperatives and Rual Development” Page ကို အသုံးမပြု၍ တစ်လကျော်အကြာ ဇွန်လ ၁၉ ရက်တွင် Hack ခံရပြီး မဖွယ်မရာ ဗွီဒီယိုတစ်ခုကို စပြီး တင်လာခဲ့သည့်နောက် ဆက်တိုက်ပင် ဗွီဒီယို ၈ ခုခန့် အထိ တင်လာခဲ့ကြောင်း တွေ့မြင်ရပြီး ယနေ့ ဇွန်လ ၂၃ ရက်တိုင် ဆက်တိုက်အပြာ ဗွီဒီယိုများကို တင်နေခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ဟဲလို ဟု စပိန်ဘာသာဖြင့် အဓိပ္ပာယ်ရသည့် Hola ဆိုသော စာတစ်ကြောင်းကို ရေးသားကာ အင်တာနက် စာမျက်နှာ၏ ပရိုဖိုင် ဓာတ်ပုံကိုလည်း ပြောင်းလဲသွားခဲ့ပြီး Hack ခံရချိန်မှ စတင်ကာ ယခု သတင်းရေးသားချိန်အထိ ဗွီဒီယိုများ ဆက်တင်နေသည်ကိုလည်း တွေ့မြင်ရပြီး အပြာ ဗွီဒီယိုပေါင်း ၂၄ ခု ခန့်ကို Page အား Hack သူများက တင်ထားခဲ့ပြီး ဖြစ်သည်။