◾ လက်နက်ကိုင်တိုက်ခိုက်မှု ၇၅ နှစ်ကျော်တဲ့ မြန်မာနိုင်ငံရဲ့ လူသေဆုံးမှုက ဒုတိယကမ္ဘာစစ်နောက်ပိုင်း အာဆီယံရဲ့ လူသေဆုံးမှုနဲ့ယှဥ်ရင် ၃ ရာခိုင်နှုန်းအောက်ပဲရှိတယ်လို့ မြန်မာ ဖွင့်ဟ
၂၃. ၆. ၂၀၂၃
Written by Nay Moe
NUG ဝန်ကြီးတွေရဲ့ ညွှန်ကြားမှုအရ PDF က သံဃာ ၆၉ ပါး၊ ဆရာ/ဆရာမ ၇၇ ဦးနဲ့ ကျောင်းသားကလေးငယ် ၁၈၇ ဦး အပါအဝင် ပြည်သူ ၅၈၄၆ ဦးကျော်ကို သတ်ဖြတ်ထားတယ်လို့ အာဆီယံအလွတ်သဘော ဆွေးနွေးပွဲမှာ မြန်မာကိုယ်စားပြုတက်ရောက်ခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေက ပြောကြားခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်နဲ့ ၁၉ ရက်မှာ မြန်မာအပါအဝင် အိမ်နီးချင်း တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ လာအို၊ ဘရူးနိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်တို့တက်ရောက်ခဲ့တဲ့ ဒီဆွေးနွေးပွဲမှာ အသက်ကိုအလွန်တန်ဖိုးထားတဲ့ မြန်မာနိုင်ငံဟာ ၁၉၄၈ ကစပြီး ၇၅ နှစ်ကျော် လက်နက်ကိုင်တိုက်ခိုက်နေပေမဲ့ ဒုတိယကမ္ဘာစစ်နောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခကြောင့် အာဆီယံ (၁၀) နိုင်ငံရဲ့ သေဆုံးမှုနဲ့ နှိုင်းယှဥ်မယ်ဆို မြန်မာနိုင်ငံရဲ့ သေဆုံးမှုက (၃)ရာခိုင်နှုန်းအောက်ပဲရှိတယ်လို့လည်း ဦးသန်းဆွေက ပြောခဲ့ပါသေးတယ်။
လွန်ခဲ့တဲ့ (၂) နှစ်ကျော် ကာလအတွင်း နိုင်ငံရေး မတည်ငြိမ်မှုအပေါ် အခွင့်ကောင်းယူပြီး EAO အချို့က ကိုဗစ်ကာလ စီးပွားရေး၊ လူမှုရေး အခက်အခဲကြောင့် စိတ်ထိခိုက်ခံစားလွယ်တဲ့ လူငယ်တွေကို PDF အဖြစ် သင်တန်းပေး လက်နက်တပ်ဆင်ပြီး နှစ်ပေါင်း ၅၀ နီးပါး အေးချမ်းနေတဲ့ ပြည်တွင်းဒေသတွေမှာ လက်နက်ကိုင် တိုက်ခိုက်မှုတွေ ပေါ်ပေါက်အောင် ဖန်တီးခဲ့သလို ဒီလို တိုက်ခိုက်ရာမှာလည်း တပ်မတော်လက်နက်ကိုင်တပ်ဖွဲ့တွေကို ရင်ဆိုင်တိုက်ခိုက်တာ မဟုတ်ဘဲ Soft Target ဖြစ်တဲ့ လက်နက်မဲ့ပြည်သူတွေကို အနိုင်ကျင့် သတ်ဖြတ်နေတဲ့အပြင် ဆန့်ကျင်ဘက်ပါတီဝင်တွေ နိုင်ငံ့ဝန်ထမ်းတွေ စစ်မှုထမ်းဟောင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာလို့လည်း ဦးသန်းဆွေက ကမ္ဘာ့လူဦးရေရဲ့ ၃၅ ရာခိုင်နှုန်းလောက်ကို ကိုယ်စားပြုတက်ရောက်လာတဲ့ နိုင်ငံ ၈ ခုဆီ ရင်ဖွင့်ခဲ့ပါသေးတယ်။
ဒါ့အပြင် ဒီလိုသတ်ဖြတ်မှုတွေလုပ်နေတဲ့ NUG နဲ့ PDF ဟာအာဆီယံ တူညီဆန္ဒ (၅)ချက် ထုတ်ပြန်ပြီးမှ ပေါ်ပေါက်လာတဲ့အဖွဲ့တွေဖြစ်သလို ပြည်ပရောက် NUG အဖွဲ့ဟာ ပြည်တွင်းက PDF တွေကို လက်နက်ခဲယမ်းနဲ့ ငွေကြေးထောက်ပံ့ပြီး အကြမ်းဖက်လုပ်ငန်းတွေ ခိုင်းစေနေသလို ကျောင်းတွေ၊ ဆေးရုံတွေ၊ ရုံးတွေပိတ်ဖို့ မလိုက်နာရင် သတ်ဖို့အထိ NUG က ညွှန်ကြားပြီး PDF က ဒီလိုသတ်ဖြတ်တာကြောင့် ဘုန်းတော်ကြီး ၆၉ ပါး၊ ကျောင်းသားကလေးငယ် ၁၈၇ ဦး၊ ဆရာ/ဆရာမ ၇၇ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁၇ ဦးနဲ့စစ်မှုထမ်းဟောင်းတွေ၊ ဆန့်ကျင်ဘက် ပါတီဝင်တွေ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အပါအဝင် နိုင်ငံ့ဝန်ထမ်း ၉၅၃ ဦး စတဲ့ လက်နက်မဲ့ပြည်သူ ၅၈၄၆ ဦးကျော်ကို ဥပဒေမဲ့ သတ်ဖြတ်နေလို့ ပြည်သူလူထုကို အကာအကွယ်ပေးဖို့ တာဝန်ရှိလို့ ဥပဒေနဲ့အညီ တိုက်ခိုက်နေတာလို့ ဦးသန်းဆွေကပြောခဲ့ပါသေးတယ်။
ဒီလိုတိုက်ခိုက်ရာမှာလည်း တပ်မတော်ဟာ စနစ်တကျဖွဲ့စည်းထားပြီး အတွေ့အကြုံနဲ့ စွမ်းရည်ပြည့်ဝလို့ သာမန်လက်နက်ကိုင်အဖွဲ့တွေကို အလွယ်တကူချေမှုန်းနိုင်ပေမဲ့ အင်အားသုံးချေမှုန်းရင် ကိုယ့်ပြည်သူပဲသေမှာဖြစ်လို့ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်နေတာလို့လည်း ဦးသန်းဆွေက ပြောခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အမေရိကန်က ထောက်ပံ့ပေးထားတဲ့ ကိုမင်းဇင်တို့ရဲ့ ISP Myanmar ကလည်း သူတို့ရဲ့ သုတေသနစစ်တမ်းထုတ်ပြန်ရာမှာ ပြီးခဲ့တဲ့ နှစ်နှစ်ကျော်အတွင်း ပြည်သူ ၈၆၄၀ ဦး သတ်ဖြတ်ခံထားရတယ်လို့ပြောခဲ့ပြီး အဲဒီအထဲက ၂၁၈၃ ဦးကပဲ လခရတွေကြောင့် သေဆုံးတာဖြစ်ပေမဲ့ ကျန်တဲ့ ၆၄၅၇ ဦးကတော့ PDF တွေနဲ့ EAOs တွေရဲ့ ဒလန်လို့ စွပ်စွဲသတ်ဖြတ်ခံရမှုတွေ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် သေရတာလို့လည်း ISP Myanmar က ပြောထားပါသေးတယ်။