၂၂. ၆. ၂၀၂၃
Written by Ye Kyaw
နိုင်ငံပိုင်ဘဏ်နှစ်ဘဏ်အား အမေရိကန်က ပိတ်ဆို့လိုက်သော သတင်းများကြောင့် ပြည်တွင်း၌ ဒေါ်လာဝယ်ယူရခက်ခဲလာပြီး ပြင်ပဈေးကွက်တွင် ဒေါ်လာဈေးနှုန်း ကျပ် ၃,၀၀၀ ကျော်သို့ မြင့်တက်လာခဲ့ကြောင်း ပြည်တွင်း ဒေါ်လာအရောင်းအဝယ်ဈေးကွက်မှ သိရသည်။
မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုမှ တစ်ဖက်သက်စီးပွားရေးပိတ်ဆို့မှုများ တိုးမြှင့်ချမှတ် ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံပိုင်ဘဏ်များဖြစ်သော မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်(MFTB)နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်း ဝယ်ရေးဘဏ်(MICB)တို့အား အမေရိကန်ပြည်ထောင်စုမှ စီးပွားရေးပိတ်ဆို့ကန့်သတ်မှုစာရင်း၌ ဇွန်လ ၂၁ ရက်တွင် ထည့်သွင်းသတ်မှတ်လိုက်ပြီး ထိုသို့ပိတ်ဆို့မည်ဖြစ်ကြောင်း ဇွန်လ ၂၀ မှစ၍ သတင်းများ ထွက်ပေါ်ခဲ့သည်။
အဆိုပါသတင်းများ ထွက်ပေါ်လာပြီးနောက် ဇွန်လ ၂၁ ရက် နေ့လည်ပိုင်းအထိ ပြင်ပဈေးကွက်တွင် နိုင်ငံခြားငွေ အရောင်း အဝယ်ပြုလုပ်သူများ ဒေါ်လာဈေးနှုန်းဖွင့်လှစ်ထားခြင်းမရှိဘဲ ညနေပိုင်းမှသာ တစ်ဒေါ်လာ ၃,၀၀၅ ကျပ်ဖြင့် ဈေးနှုန်းဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ဇွန်လ ၂၂ ရက် (ယနေ့) တွင်လည်း နေ့လယ်ပိုင်းမှသာ အရောင်းအဝယ်ပြုလုပ်သူ တချို့ကသာ ဈေးနှုန်းဖွင့်လှစ်ခဲ့ပြီး တစ်ဒေါ်လာ ကျပ် ၃,၀၁၀ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
“မနေ့က (ဇွန်လ ၂၁ ရက်)မနက်ပိုင်း ၉ နာရီလောက်ဝယ်တုန်းက တစ်ဒေါ်လာ ၂,၉၉၅ ကျပ်နဲ့ ဝယ်ရတာ။ အဲဒါတောင် မရောင်းဘူး။ နိုင်ငံခြားခရီးစဥ်ကဖိတ်လို့ ဒေါ်လာ ၂၀၀ လောက်ပါပဲလို့ အတင်းပြောမှ ရောင်းပေးတာ။ ဒါတောင် အစွန်းအထင်းနဲ့ဆို ရောင်းပေးမယ်။ အသန့်ဆို့ မရှိဘူးလုပ်တာ။ ဒေါ်လာ ၂၀၀ လောက်ကို မနည်းပြောပြီး ဝယ်ခဲ့ရတယ်” ဟု ပြည်ပသို့ ၁၀ ရက်ခရီးစဥ်သွားရန် ဒေါ်လာလိုက်ဝယ်သူတစ်ဦးက ဆိုသည်။
ဗဟိုဘဏ်က ငွေလဲကောင်တာများတွင် နိုင်ငံခြားငွေ (ငွေသား) တိုးမြှင့်ရောင်းချပေးမည်ဟု ကြေညာအပြီးနောက် ပြည်ပသွားမည့်သူတစ်ဦးလျှင် အသေးသုံးငွေကြေး သုံးစွဲနိုင်ရန် ဒေါ်လာ ၃၀၀ မှ ၅၀၀ အတွင်း ရောင်းချပေးမည်ဖြစ်ကြောင်း ပြည်တွင်းဘဏ်အချို့က ကြေညာထားသည်။
သို့သော်လည်း ပြည်ပခရီးသွားမည့်သူများ အမှန်တကယ်လိုအပ်သည့် ဒေါ်လာဝယ်ယူရာတွင် ဘဏ်များက ၎င်းတို့ရောင်းချပေးမည်ဟု အဓိကကြေညာထားသော နိုင်ငံခြားသို့ ဆေးသွားကုမည့်သူ၊ ပညာတော်သင်သွားမည့်သူနှင့် အလုပ်သမားဝန်ကြီးဌာနမှ စေလွှတ်သည့် အလုပ်သမားများအတွက်ကိုပင် လုံလောက်စွာ ရောင်းပေးနိုင်ခြင်းမရှိကြောင်း သိရသည်။
ပြည်ပသွားမည့်သူများကို ဒေါ်လာရောင်းချပေးမည်ဟု ကြေညာထားသော ဘဏ်တစ်ခုသို့ ပြည်ပခရီးစဥ်အတွက် ဒေါ်လာဝယ်ယူရန် စုံစမ်းရာတွင် “နိုင်ငံခြားခရီးစဥ်အကုန်လုံးကို မရောင်းပေးပါဘူး။ အခုသတ်မှတ်ထားတဲ့ ဆေးသွားကုမယ့်သူ၊ ကျောင်းသွားတက်မယ့်သူ၊ ဝန်ကြီးဌာနကစေလွှတ်တဲ့ နိုင်ငံခြားအလုပ်သွားလုပ်မယ့်သူတွေကိုတောင် လက်ရှိမှာ ဒေါ်လာ လိုအပ်ချက်ကြောင့် အပြည့်အဝရောင်းမပေးနိုင်သေးဘူး” ဟု အဆိုပါဘဏ်မှ တာဝန်ရှိသူက ပြောသည်။
နိုင်ငံပိုင်ဘဏ်များဖြစ်သည့် MFTB နှင့် MICB ဘဏ်နှစ်ဘဏ်အား အမေရိကန်ပိတ်ဆို့မည်ဆိုသော သတင်းများထွက်ပေါ်လာခဲ့သည့် ဇွန်လ ၂၀ ရက်မှာပင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက အမေရိကန်ဘဏ်များတွင် နိုင်ငံပိုင်ဘဏ်များ၏ နိုင်ငံခြားငွေစာရင်းများ ဖွင့်လှစ်ဆောင်ရွက်နေခြင်း မရှိသည့်အတွက် ငွေကြေးဆုံးရှုံးမှုမရှိနိုင်ဘဲ နိုင်ငံခြားငွေနှင့် ကုန်သွယ်ငွေပေးချေမှု ဝန်ဆောင်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချက်ချင်းထုတ်ပြန်ကြေညာထားသည်။
ပြင်ပဈေးကွက်တွင် ရက်အလိုက်ဖြစ်ပေါ်ခဲ့သည့် ဒေါ်လာဈေးနှုန်းများမှာ ဇွန်လ ၁၆ ရက်တွင် တစ်ဒေါ်လာ ၂,၉၇၀ ကျပ်၊ ဇွန်လ ၁၇ ရက်တွင် တစ်ဒေါ်လာ ၂,၉၇၀ ကျပ်၊ ဇွန်လ ၁၉ ရက်တွင် တစ်ဒေါ်လာ ၂,၉၇၀ ကျပ်၊ ဇွန်လ ၂၀ ရက်တွင် တစ်ဒေါ်လာ ၂,၉၆၅ ကျပ်၊ ဇွန်လ ၂၁ ရက် (ညနေပိုင်း)တွင် တစ်ဒေါ်လာ ၃,၀၀၅ ကျပ် ယနေ့တွင် တစ်ဒေါ်လာ ကျပ် ၃၀၁၀ ဖြင့် ဈေးနှုန်းဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။