၂၂.၆.၂၀၂၃
Written by Peya
မွန်ပြည်နယ်၊ ပေါင်မြို့တွင် ရဟန်းတော်တစ်ပါးကို ရဲဒင်းဖြင့် ခုတ်သ-တ်ပြီး အိမ်သာကျင်းအတွင်း အလောင်းဖျောက် စွန့်ပစ်ခဲ့သူများကို ဖမ်းမိခဲ့ကြောင်း ဒေသခံများနှင့် ဖြစ်စဉ်တွင် ရုပ်ကလပ်ကို သုဿာန်သို့ ပို့ဆောင်ပေးခဲ့သည့် မိုးနိုင်းစိတ္တဟံသာလူမှူကူညီရေးအသင်းမှ တာဝန်ရှိသူ ရဟန်းတော်တစ်ပါးက မိန့်ကြားသည်။
အဆိုပါ ဖြစ်စဉ်မှာ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မိုးနိုင်းရပ်ကွက်ရှိ သာသနာပြု ဓမ္မစကြာဘုန်းတော်ကြီးကျောင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ ဇွန်လ ၂၀ ရက်ညပိုင်းတွင် ကျောင်းရှိ ဦးဇင်းတစ်ပါးဖြစ်သော ဦးကောသလ္လ(ခ)ဦးဖောင်စိန်ကို လူငယ်လေးဦးက သတ်ဖြတ်ကာ ကျောင်းတိုက်အနောက်ဘက်ရှိ အိမ်သာကျင်းတွင်းသို့ ပစ်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျောင်းထိုင် ဆရာတော်ကတွေ့လို့ သက်ဆိုင်ရာကို အကြောင်းကြားတာပါ။ ကျောင်းဝန်းမှာ အရက်သောက်တာကို တားရင်းနဲ့ စကားများ ရန်ဖြစ်ပုံရတယ်” ဟု အထက်ပါ တာဝန်ရှိသူ ရဟန်းတော်က မိန့်သည်။
ကျူးလွန်သူလေးဦးအနက် ရဲလင်းထွန်း(ခ)ငမျောက်၊ ဘိုဘိုနှင့် အနှေးတို့ကို ဇွန်လ ၂၂ ရက်တွင် ဖမ်းမိခဲ့ကာ သိန်းဇော်မှာ ထွက်ပြေး တိမ်းရှောင်လျက်ရှိသည်ဟု သိရကြောင်းလည်း ရဟန်းတော်က မိန့်သည်။
“အကြောင်းအရင်းကတော့ အတိအကျ မသိရဘူးပေါ့။ သူတို့က ပြောမယ်ဆိုရင် အိမ်နဲ့ ထောင်၊ ထောင်နဲ့ အိမ်ပါပဲ။ အရင်နေ့တွေကလည်း ဦးဇင်းတို့ကျောင်းရဲ့ အပေါ်နားမှာ ဘုရားတစ်ဆူ ရှိတယ်။ ဦးဇင်းတို့ကျောင်းက ဦးဇင်းလေးက အဲ့ဒီဘုရားမှာ ဝေယျာဝစ္စ လုပ်နေတာ ရှိတယ်။ အဲ့ဒီ ဦးဇင်းလေးဆီကိုလည်း အရက်ဖိုးပုံစံ ပိုက်ဆံ သွားတောင်းတယ်။ အဲ့ဒီလိုမျိုး အရပ်ထဲမှာလည်း လူတိုင်းက ဝေးဝေးက ရှောင်တဲ့ အနေအထား။ သူတို့က ထောင်လည်း မကြောက် ဆိုတဲ့ ပုံစံလူတွေ” ဟု မိန့်သည်။