၂၂. ၆. ၂၀၂၃
Written by Ye Kyaw
Automatic Licensing (အလိုအလျောက်လိုင်စင်)စနစ်ဖြင့် သွင်းကုန်လိုင်စင်ခွင့်ပြုမည့် ကုန်စည်လိုင်း ၃,၀၇၅ လိုင်းသတ်မှတ်ထားသော်လည်း နိုင်ငံတော်၏လိုအပ်ချက်အရ ပင်လယ်ရေကြောင်းမှ တင်သွင်းခြင်းအတွက် ကုန်စည်လိုင်း ၁,၅၂၅ လိုင်းကိုသာ ခွင့်ပြုပေးမည်ဖြစ်ပြီး နယ်စပ်ဒေသမှ တင်သွင်းမှုများအတွက် ကုန်စည်လိုင်းအားလုံးကို ခွင့်ပြုမည်မဟုတ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဇွန်လ ၂၁ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။
၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက်မှစတင်၍ သွင်းကုန် ကုန်စည်လိုင်းပေါင်း ၃,၀၇၅ လိုင်းအား အလိုအလျောက်သွင်းကုန် လိုင်စင်ဖြင့် လိုင်စင်ထုတ်ပေးမည်ဖြစ်ကြောင်း၊ မေလ ၁၇ ရက်တွင် ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ (၈/၂၀၂၃)ဖြင့် အသိပေးကြေညာခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း နိုင်ငံတော်၏လိုအပ်ချက်အရ ပင်လယ်ရေကြောင်းမှ တင်သွင်းမည့်ကုန်စည်များအနက် ကုန်စည်လိုင်း ၁,၅၂၅ လိုင်းအား အလိုအလျောက်လိုင်စင်စနစ်ဖြင့် ခွင့်ပြုမည်ဖြစ်သည်။ ယခင်က အလိုအလျောက်သွင်းကုန်လိုင်စင်စနစ်တွင် ပါဝင်ပြီး ယခုပယ်ဖျက်ခြင်းခံရသည့် ပင်လယ်ရေကြောင်းမှ သွင်းကုန်များအတွက် ဤသတင်းလွှာထုတ်ပြန်သည့်ရက်မှစ၍ ရက်ပေါင်း (၆၀) ပြည့်မြောက်ပြီးပါက လိုင်စင်ရရှိပြီးမှသာ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
နယ်စပ်ဒေသမှ တင်သွင်းမှုများတွင် ပို့ကုန်ဝင်ငွေနှင့် အခြားဝင်ငွေ ဝင်ရောက်မှုအထောက်အထားများကို စိစစ်ရန် လိုအပ်သဖြင့် သွင်းကုန်လိုင်စင်လျှောက်ထားမှုအားလုံးကို Non-Automatic Licensing စနစ်ဖြင့်သာ ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ယခင်က အလိုအလျောက်သွင်းကုန်လိုင်စင်စနစ်တွင် ပါဝင်သော နယ်စပ်မှ သွင်းကုန်လိုင်စင်များသည် ဤသတင်းလွှာထုတ်ပြန်သည့်ရက်မှစ၍ ရက်ပေါင်း (၃၀) ပြည့်မြောက်ပြီးပါက လိုင်စင်ရရှိပြီးမှသာ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ကြေညာထားသည်။
Automatic Licensing နှင့် Non-Automatic Licensing စနစ်တို့ဖြင့် သွင်းကုန်လိုင်စင်ခွင့်ပြုခြင်းကို ၂၀၂၃ ခုနှစ် ဇွန်လ ၂၂ ရက်မှသာ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
ပြီးခဲ့သည့် ဧပြီ ၁ ရက်မှစတင်၍ ပို့ကုန်အမျိုးအစား ၁၀,၀၀၀ ကျော်ကို အလိုအလျောက်ပို့ကုန်လိုင်စင် ထုတ်ပေးမှုစနစ်ဖြင့် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှု နှစ်ခုလုံးတွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အလိုအလျောက် သွင်းကုန်လိုင်စင်စနစ်ကိုမူ Country of Origin (CO) အတွက် အခက်အခဲရှိနေသေးသဖြင့် မူဝါဒများချမှတ်နိုင်ခဲ့ခြင်း မရှိသေးသောကြောင့် သွင်းကုန် ကုန်စည်လိုင်းပေါင်း ၈,၇၀၀ ကျော်အနက် ကုန်စည်လိုင်းပေါင်း ၃,၀၇၅ ကိုသာ ဇွန်လ ၁ ရက်မှစတင် ဆောင်ရွက်သွားရန် စီစဥ်ခဲ့ခြင်းဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ သိရသည်။