၂၂.၆.၂၀၂၃
Written by Peya
ယခင်တစ်ကြိမ်မီးလောင်စဉ်က လနှင့်ချီ ငြှိမ်းသတ်ခဲ့ရသည့် လှိုင်သာယာ ထိန်ပင်အမှိုက်ပုံ မီးလောင်ခဲ့သည့် နေရာအနီးတွင် မီးထပ်လောင်နေသည့်အတွက် Level 2 ယာဉ်အုပ်စုဖြင့် မီးငြှိမ်းသတ်ခဲ့ရကြောင်း ရွှေရုပ်လွှာပရဟိတအသင်းမှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ကိုရွှေမိုးအောင်က MT New သတင်းဌာနသို့ ပြောသည်။
အဆိုပါ အမှိုက်ပုံမှာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် တည်ရှိခြင်းဖြစ်ပြီး ဇွန်လ ၂၂ ရက်တွင် မီးလောင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
“လက်ရှိ ကျွန်တော်တို့တော့ မသိသေးဘူး။ ရှေ့ကရတဲ့ အတည်တော့ မပြုရသေးတဲ့ သတင်းအရဆို အမှိုက်သိမ်းကားတစ်စီး မီးလောင်ထားတယ်လို့ သိရတယ်။ ဟိုတခါလောင်ခဲ့ဖူးတဲ့ နေရာနားလို့ သတင်းရထားပါတယ်” ဟု ၎င်းက ဆိုသည်။
သတင်းရသည့် အချိန်တွင်ပင် Level 1 ယာဉ်အုပ်စုကို လွှတ်ခဲ့ခြင်းဖြစ်ကာ မီးများခဲ့သည့် အနေအထားရှိခဲ့ကြောင်းလည်း ၎င်းက ဆိုကာ ၁၁ နာရီ မိနစ် ၄၀ အချိန်တွင် မီးကိုထိန်းထားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
“ရောက်လာတဲ့ ပရဟိတအဖွဲ့တွေကို ရှေ့အရမ်းမတိုးဖို့တော့ ပြောထားတာ ရှိပါတယ်။ အမှိုက်ပုံသဘောတရားက အထဲမှာ ဂလိုင်ရှိတတ်တယ်။ ပြိုကျတတ်တယ်။ ကျွံကျတတ်တယ်။ အဲ့ဒါလေးတွေ ရှိပါတယ်” ဟု ကိုရွှေမိုးအောင်က ဆိုသည်။