၂၂.၆.၂၀၂၃
Written by Peya
မလေးရှားတွင် တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးခံခဲ့ရပြီးနောက် အချုပ်ထောင်တွင် ရောဂါသည်းကာ ဆေးရုံတွင် သေဆုံးသွားသည့် ရခိုင်တိုင်းရင်းသူ အမျိုးသမီး၏ မိသားစုနှင့် အဆက်အသွယ် ပြန်လည်ရရှိပြီဖြစ်ကြောင်း ကပုန်းနာရေးကူညီမှု အသင်းဟု လူသိများသည့် မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) ၏ ဥက္ကဋ္ဌ ဦးစန်းဝင်းက MT News သတင်းဌာနသို့ ပြောသည်။
သေဆုံးသူမှာ အသက် ၃၂ နှစ်အရွယ် မမဲကျော့ဆိုသူဖြစ်ကာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှတ်ပုံတင် ကိုင်ဆောင်ကြောင်း တွေ့ရပြီး ဇွန်လ ၁၄ ရက်တွင် တရားမဝင်နေထိုင်မှုဖြင့် အဖမ်းခံရသည့်နောက် ကာချမ်းမြို့ရှိ အချုပ်ထောင်တွင် အဖမ်းခံထားရစဉ် နေမကောင်းဖြစ်လာသည့်အတွက် ကာချမ်းဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ရာ ဇွန်လ ၁၉ ရက်တွင် သေဆုံးသွားခြင်းဖြစ်ကြောင်း ဆေးရုံက အသိပေးခဲ့သည်ဟု ၎င်းက ဆိုသည်။
သေဆုံးသည်ဟုသိရသည့်နောက် မြန်မာပြည်တွင် ကျန်ရစ်ခဲ့သည့်မိသားစုများနှင့် အဆက်အသွယ်မရ ဖြစ်သွားခဲ့သော် လည်း ယခုအအခါ အဆက်အသွယ် ပြန်လည်ရရှိသွားပြီဖြစ်ကြောင်းလည်း ဦးစန်းဝင်းက ရှင်းပြသည်။
“သေဆုံးပြီးတော့ ဆေးရုံနဲ့ လဝကတို့ကို အကူအညီတောင်းခံတာကြောင့် သေဆုံးသူရဲ့မှတ်ပုံတင်ကို ပြန်ရခဲ့ပြီးတော့ သေဆုံးသူဟာ ကျောက်တော်မြို့နယ်၊ သဲပုံရွာမှာ နေသူဆိုတာ သိရပါတယ်။ အခုတော့ မိဘတွေနဲ့လည်း ဖေ့စ်ဘွတ်ခ်ကနေ အဆက်အသွယ် ပြန်ရခဲ့ပြီ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ယခုရက်ပိုင်းအတွင်း အလောင်းကို သင်္ဂြိုလ်နိုင်ရန်အတွက် မိသားစုများထံမှ လိုအပ်သည့် စာရွက်စာတမ်းများနှင့် မလေးရှားနိုင်ငံခြားရေး ဝန်ကြီးဌာနတို့မှ စာရွက်စာတမ်းများကို ရယူနေကာ အမြန်ဆုံးဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။