၂၂.၆.၂၀၂၃
Written By Thandar
Horror, Adventure, Drama ဇာတ်လမ်းပုံစံ “အိပ်မက်ငိုတော”ဇာတ်လမ်းတွဲကို မြန်မာနိုင်ငံတွင်းမှာသာမက ဗီယက်နမ်နိုင်ငံရဲ့ ရုပ်သံလိုင်း K+ နဲ့ M7 Group ရဲ့ ဥရောပနိုင်ငံ ခုနှစ်နိုင်ငံအထိ ခြေဆန့်ပြသခွင့်ရပြီဖြစ်ကြောင်း သိရပါတယ်။
“ဒီကားက Horror, Adventure, Drama ဇာတ်လမ်းအမျိုးအစားလေးပါ။ ပြည်တွင်း ပြသချိန်မှာ ပရိသတ်အားပေးမှု မြင့်တက်ပြီး မှတ်ချက်ကောင်းတွေရရှိခဲ့တယ်၊ Canal Plus မှာလည်း Rating မြင့်တဲ့ ဇာတ်လမ်းတွဲအဖြစ် နေရာတစ်နေရာမှာ ရပ်တည်ခဲ့ပါတယ်။ ပြည်ပမှာ ပြသခွင့်ရရှိတဲ့အတွက်လည်း အတိုင်းထက်အလွန် ဝမ်းသာပီတိဖြစ်မိပါတယ်။ ကိုယ်ရေးသားခဲ့တဲ့ ဇာတ်လမ်းတွဲကို အခြားပြည်ပနိုင်ငံပရိသတ်တွေက ကြည့်ရှုနေတယ်ဆိုတဲ့ ခံစားချက်ကြောင့် တကယ်ကို ပျော်ရွှင်မိပါတယ်။ အရမ်းကို ကျေနပ်ပျော်ရွှင်မိတဲ့ မှတ်တိုင်လေး တစ်ခုဖြစ်ခဲ့ပါပြီ”လို့ ဇာတ်ညွှန်း ဒီဒီထက်အောင်က MT News ကိုပြောပါတယ်။
အဆိုပါ “အိပ်မက်ငိုတော” ဇာတ်လမ်းတွဲကို အခု ဗီယက်နမ်နိုင်ငံရဲ့ ရုပ်သံလိုင်း K+ နဲ့ M7 Group ရဲ့ ဥရောပနိုင်ငံ ခုနှစ်နိုင်ငံ ဖြစ်တဲ့ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ချက်သမ္မတနိုင်ငံ၊ ဆလိုဗက်ကီးယား၊ သြစတြီးယား၊ ဟန်ဂေရီနဲ့ ရိုမေးနီးယားနိုင်ငံတွေမှာ ပြသခွင့်ရသွားတာလို့ သိရပါတယ်။ ဇာတ်လမ်းတွဲကို နိုင်ငံတကာရုပ်သံလိုင်းတွေမှာပါ ပြန်လည်ထုတ်လွှင့်ပြသဖို့ ရွေးချယ်ခံရတာလည်း ဖြစ်ပါတယ်။
ဇာတ်လမ်းကို Sammy Linn နဲ့ Shwe Yan ရေးသားပြီး ဇာတ်ညွှန်းပိုင်းကို ဒီဒီထက်အောင်က ရေးသားကာ ဒါရိုက်တာ ကောင်းဇံက သရုပ်ဆောင်တွေဖြစ်တဲ့ အောင်မင်းခန့်၊ သျှင်မြတ်၊ ရှိန်းတင်ထူး၊ ရတနာဗိုလ်၊ နော်ဖောအယ်ထား၊ ထက်မြတ်ရွှေဇင်၊ သာသာ စတဲ့ အနုပညာရှင်များစွာနဲ့ ကလော၊ အောင်ပန်း၊ ပင်းတယ ပတ်ဝန်းကျင်တချို့မှာ ရိုက်ကူးပုံဖော်ခဲ့တာဖြစ်ပါတယ်။
ဒီနောက် Taurus V Production က “အိပ်မက်ငိုတော”ဇာတ်လမ်းတွဲကို ပြည်တွင်းမှာ ၂၀၂၂ ခုနှစ် နို၀င်ဘာလ ၃ ရက်နေ့က စတင်ပြီး Canal Plus Zat Lenn မှာ ပြသခဲ့ပြီးဖြစ်ပါတယ်။