၂၂. ၆. ၂၀၂၃
Written by Nyein Kyaw
သင်္ဃန်းကျွန်းမြို့နယ် ခပ်ချီးယားမှတ်တိုင်အရှေ့တွင် အိမ်စီးကားတစ်စီးက ကားလမ်းဖြတ်ကူးနေသည့် အမျိုးသားတစ်ဦးကို ဝင်တိုက်၍ ကားတိုက်ခံရသည့်အမျိုးသား ဦးခေါင်းထိခိုက်ကာ ဦးနှောက်အတွင်း သွေးယိုစိမ့်မှုဖြစ်ပွားခဲ့ပြီး စိုးရိမ်ရသည့် အခြေအနေရှိကြောင်း သိရသည်။
ဖြစ်စဥ်မှာ ဇွန်လ ၂၁ ရက် ည ၁၀ နာရီခွဲခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမကြီး ခပ်ချီးယားမှတ်တိုင်အရှေ့တွင် မိုးရွာနေစဥ် ကားလမ်းဖြတ်ကူးလာသော အသက် ၄၀ နှစ် ခန့်အမျိုးသားတစ်ဦးကို Hyundai အမျိုးအစား အိမ်စီးကားတစ်စီးက ဝင်တိုက်၍ ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့ပြီး သတိလစ်နေသဖြင့် စံပြဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း Medical လူငယ်များ လူမှုကူညီရေးအသင်းမှ သိရသည်။
စံပြဆေးရုံကြီးသို့ ရောက်ရှိချိန်တွင် ဦးခေါင်းထိခိုက်မှုဒဏ်ရာပြင်းထန်ပြီး ဦးနှောက်အတွင်း သွေးယိုစိမ့်မှုလက္ခဏာများတွေ့ရှိရသဖြင့် မြောက်ဥက္ကလာမေဓါဝီဆေးရုံသို့ ဆက်လက်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ ယာဥ်တိုက်မှုကြောင့် ဦးခေါင်းထိခိုက်ဒဏ်ရာရရှိသူမှာ ခပ်ချီးယားမှတ်တိုင်အနီး ကွမ်းယာရောင်းသူဖြစ်ကြောင်း သိရသည်။
“လူနာအခြေအနေက ဦးနောက်ထဲကို သွေးယိုစိမ့်တဲ့ လက္ခဏာရှိလို မြောက်ဥက္ကလာ မေဓါဝီဆေးရုံ ဦးနှောက်နှင့်အာရုံကြောဌာနကို လွှဲလိုက်တယ်။ လူကတော့ သတိကိုမရတာ။ ညပိုင်း မိုးရွာတာတော့ သိပ်မများဘူး။ သူက ကားလမ်းဖြတ်ကူးတဲ့အချိန်မှာ ဖြတ်တိုက်ခံရတာ။ အဲဒီနားမှ ာကွမ်းရောင်းတယ်။ သူ့ကိုသိတဲ့သူတွေလည်းရှိတော့ မိသားစုနဲ့လည်း အဆက်အသွယ်ရတယ်။ ညတွင်းချင်းပဲ စံပြဆေးရုံကို လိုက်လာကြတယ်။ အဲကနေ အခြေအနေဆိုးလို့ မနိုင်လို့ မြောက်ဥက္ကလာဆေးရုံကိုလွှဲလိုက်တာ” ဟု Medical လူငယ်များ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ပြောသည်။