၂၂. ၆. ၂၀၂၃
Written by Ye Kyaw
ဆန်စပါးဈေးကွက် တည်ငြိမ်မှန်ကန်စေရေး နေပြည်တော်ကောင်စီ၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် မန္တလေး တိုင်းများအတွင်းရှိ စပါးတင်း ၅၀၀၀ နှင့် ဆန်တန်ချိန် ၅၀ အထက် ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်ခြင်းအတွက် လာမည့် ဇွန်လ ၂၆ ရက်နောက်ဆုံးထား၍ လျှောက်လွှာများ လျှောက်ထားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဇွန်လ ၂၁ ရက်တွင် ကြေညာထားသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုအရ ဆန်စပါးဈေးကွက် တည်ငြိမ်မှန်ကန်စွာ ဖွံ့ဖြိုးတိုး တက်ရေး၊ သင့်တင့်မျှတ တည်ငြိမ်သော ဆန်ဈေးကွက်နှင့်ဈေးနှုန်းများ ဖြစ်ပေါ်စေရေးအတွက် ဆောင်ရွက်ခြင်းဖြစ် ကြောင်း ကြေညာထားသည်။
သိုလှောင်ရုံ/သိုလှောင်မှုလုပ်ငန်းအလိုက် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းဇယားများနှင့် အပတ်စဥ်၊ လစဥ် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် စာရင်းချုပ်များ ပြုစုထားရှိရမည်ဖြစ်ပြီး ပူးတွဲလျှောက်လွှာပုံစံဖြင့် အချက်အလက်များ ဖြည့်သွင်းတင်ပြရန် ကြေညာထားသည်။
ထို့နောက်တွင် သိုလှောင်ရုံကွင်းဆင်းစစ်ဆေး အတည်ပြုမှုကို စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့၏ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းစိစစ်မှုအတွက် ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ပြီး စာရင်းပြုစုခြင်း၊ သိုလှောင်ရုံမှတ်ပုံ တင်လုပ်ငန်း ဆောင်ရွက်နေစဥ်ကာလဖြစ်သောကြောင့် အရောင်းအဝယ်ဆိုင်ရာ စာရင်းများ၊ ဈေးနှုန်းများကို စနစ်တကျမှတ်တမ်းတင်ထားရှိရမည်ဖြစ်သည်။
ကုမ္ပဏီများအနေဖြင့် မိမိတို့အား ရောင်းချပေးသော/ မိမိတို့၏ မိတ်ဖက်များဖြစ်သော ဆန်စက်/ဆန်ကုန်သည်များ၏ နယ်များတွင်ရှိသော သိုလှောင်ရုံများကို အချက်အလက်တောင်းခံရယူထားပြီး ပုံစံတွင် ဖြည့်သွင်း၍ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် လွယ်ကူမြန်ဆန်စေရန် ဒီဂျစ်တယ်နည်းပညာဖြင့် မှတ်ပုံတင်စာရင်းတင်ပြ ဆောင်ရွက်နိုင်မည့် Online Registration စနစ် (MyRO) ကို ဆောင်ရွက်လျက်ရှိပြီး ၂၀၂၃ ခုနှစ်အတွင်း မကြာမီ စတင်အသုံးပြုနိုင်မည်ဖြစ်ကာ သိုလှောင်ရုံများအား Digital Certificate ထုတ်ပေးနိုင်မည်ဖြစ်သည်။
အဆိုပါ Online Registration စနစ် ကြိုတင်ဆောင်ရွက်ထားသည့်အနေဖြင့် Trial Operation အဖြစ် နေပြည်တော်ကောင်စီနယ်မြေနှင့် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းတို့တွင် ၂၀၂၃ ခုနှစ် ဇွန်လနှင့် ဇူလိုင်လများ၌ သိုလှောင်မှု အခြေအနေများကို စတင်ကောက်ခံ စာရင်းပြုစုသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။
သို့ဖြစ်ပါ၍ ပူးတွဲပါပုံစံကို အချက်အလက်မှန်ကန်စွာဖြင့် စနစ်တကျဖြည့်သွင်းရေးသားပြီး Email- [email protected] နှင့် Viber No. 09-400067240 သို့ဖြစ်စေ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(ရုံးချုပ်) သို့ဖြစ်စေ ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နောက်ဆုံးထား၍ ပေးပို့တင်ပြရမည်ဖြစ်သည်။
အဆိုပါ မှတ်ပုံတင်ရန် လျှောက်လွှာတင်ပြခြင်းကို သိုလှောင်ရုံတစ်နေရာတွင် စပါးအတင်း ၅၀၀၀ သို့မဟုတ် ဆန်တန်ချိန် ၅၀ အထက်ပို၍ သိုလှောင်ထားရှိမှုအတွက်သာ စာရင်းပြုစု တင်ပြရန်ဖြစ်ပြီး အသေးစား၊ အငယ်စား တောင်သူလယ်သမားများ၊ အသေးစား သိုလှောင်ရောင်းဝယ်သူများနှင့် သက်ဆိုင်ခြင်းမရှိကြောင်း အသိပေးကြေညာထားသည်။
ယခင်က ဆန်နှင့်စပါးများ သိုလှောင်ခြင်းအတွက် မည်သည့်ဌာနကိုမျှ စာရင်းပေးသွင်းရန်မလိုအပ်သော်လည်း ဆန်စပါး သိုလှောင်မှုလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အစိုးရ-ပုဂ္ဂလိကလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းပြီးနောက်ပိုင်းတွင် မှတ်ပုံတင်လုပ်ငန်းများအား စားသုံးသူရေးရာဦးစီးဌာနက တစ်ဆင့် ကြပ်မတ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ဆန်စပါး သိုလှောင်မှုလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အစိုးရ-ပုဂ္ဂလိက လုပ်ငန်းအဖွဲ့၌ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာ နိုင်ငံ ဆန်စပါးထုတ်လုပ်သူများအသင်း၊ ဝါးတန်းဆန်စပါးကုန်စည်ဒိုင်၊ ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင်၊ မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်လုပ်ငန်းလီမိတက် စသည်တို့၏ ကိုယ်စားလှယ်များ ပါဝင်ကြောင်း သိရသည်။