MT News
Written by Nay Moe
ပခုက္ကူမြို့နယ် ပေါက်တောကျေးရွာနေ မိသားစုတစ်ခုမှ အမျိုးသမီး ၅ ဦးကို PDF ၆ ဦးက ယမန်နေ့နံနက် အစောပိုင်းတွင် ဝင်ရောက်သတ်ဖြတ်သွားသည်ဟု ကနဦးသတင်းများအရ MT News က စုံစမ်းသိရသည်။
ဖြစ်စဥ်မှာ ဇွန်လ ၂၁ ရက် နံနက် ၁ နာရီခွဲ အချိန်ခန့်က ပခုက္ကူမြို့နယ်၊ ပေါက်တောကျေးရွာရှိ ဦးဇော်ထက်၏ နေအိမ်သို့ သေနတ်နှင့်ဓားများ ကိုင်ဆောင်ထားသည့် PDF အဖွဲ့ဝင် ၆ ဦးခန့် ရောက်ရှိလာပြီး ဦးဇော်ထက်နေအိမ်မှ မိသားစုများကို သတင်းပေး/ဒလန်ဟု အော်ဟစ်စွပ်စွဲကာ မေးမြန်းနေစဉ် ဦးဇော်ထက်မှာ နေအိမ်နောက်မှ ထွက်ပြေးတိမ်းရှောင်ခဲ့သဖြင့် လွတ်မြောက်ခဲ့သော်လည်း PDF များက သေနတ်/ဓားများဖြင့် ဝင်ရောက်ပစ်ခတ်ထိုးနှက်သွားသောကြောင့် မိသားစုဝင် အမျိုးသမီး (၅)ဦး ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
သေဆုံးသူများသည် တောင်သူအလုပ် လုပ်ကိုင်ပြီး ကျေးရွာအတွင်း အေးချမ်းစွာနေထိုင်ကြသူများဖြစ်သည်ဟုလည်း ကနဦးသိရပြီး PDF များက မည်သည့်အတွက်ကြောင့် သတင်းပေး/ဒလန်ဟုစွပ်စွဲကာ သတ်ဖြတ်ရသည်ဆိုသည့်ဖြစ်စဥ်ကို MT News က ဆက်လက်စုံစမ်းနေပြီး သိရှိရသည်များကို ထပ်မံဖော်ပြပေးမည်ဖြစ်သည်။
ချင်းပြည်နယ်၊ ဂန့်ဂေါ၊ ဆော၊ ယောနှင့် စစ်ကိုင်းတိုင်း၏ ဝင်ပေါက်တစ်ခုလည်းဖြစ်သည် ပခုက္ကူမြို့နယ်သည် PDF နှင့် EAOs အဖွဲ့ရာချီ အဓိကလှုပ်ရှားသော စစ်ရေးမငြိမ်သက်သည့် နယ်မြေလည်းဖြစ်ပြီး ပြီးခဲ့သည့် ဇွန် ၁၇ ရက် နံနက်ကလည်း ပခုက္ကူစက်မှုဇုန် အထက်တန်းကျောင်းခွဲမှ အထက်တန်းပြဆရာမ ဒေါ်ခင်မင်းဦး (၄၇ နှစ်) ကို PDF အဖွဲ့ဝင် ခုနစ်ဦးက CDM မလုပ်၍ဆိုကာ မိသားစုရှေ့တွင်ပင် သတ်ဖြတ်၍ ရွှေ၊ ငွေ၊ ဆိုင်ကယ်နှင့် ဖုန်းများလုယက်သွားမှုဖြစ်ပွားထားသည်။