အဖွဲ့အစည်းတစ်ခုတည်းနှင့် စေ့စပ်ဆွေးနွေးရုံဖြင့် ငြိမ်းချမ်းရေးကို ရယူနိုင်မည်မဟုတ်ကြောင်း အင်ဒိုနီးရှားအစိုးရ ဝေဖန်
MT News
Written by Nay Aung
မြန်မာ့အရေးနှင့်ပတ်သက်ပြီး ထိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံကြား အပြန်အလှန်ဝေဖန်မှုများရှိနေခဲ့ပြီး ထိုင်းနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းခဲ့သော မြန်မာ့အရေးအလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကို အင်ဒိုနီးရှားအစိုးရက ဝေဖန်ပြစ်တင်လိုက်ကြောင်း သိရသည်။
မြန်မာ့အရေးကို ဖြေရှင်းနိုင်ရန် ကြိုးပမ်းရာတွင် အာဆီယံသဘောတူညီချက်ငါးချက်ကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး မြန်မာ့နိုင်ငံရေးအခက်အခဲတွင် ပါဝင်နေသောအဖွဲ့အစည်းတစ်ခုတည်းနှင့် စေ့စပ်ဆွေးနွေးရုံဖြင့် ငြိမ်းချမ်းရေးကို ရယူနိုင်မည်မဟုတ်ကြောင်း အင်ဒိုနီးရှားအစိုးရက ထုတ်ဖော်ပြောဆိုလိုက်သည်။
အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ရယူခဲ့ပြီးနောက်ပိုင်း မြန်မာ့နိုင်ငံရေးတွင်ပါဝင်နေသော အဖွဲ့အစည်းများနှင့် စေ့စပ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာဆူဒီသည် မြန်မာ့နိုင်ငံရေးကို ဖြေရှင်းရန်ကြိုးပမ်းရာတွင် “non-megaphone diplomacy”, ပုံစံမျိုးဖြင့်လုပ်ဆောင်ခဲ့ပြီး တံခါးပိတ်ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ သံတမန်တစ်ဦးဖြစ်သော Ngurah Swajaya က ထိုင်း အိမ်စောင့် အစိုးရအနေဖြင့် နစက အစိုးရအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်သွားမည်ဟု သတင်းထုတ်ပြန်ခဲ့ပြီးနောက် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးအနေဖြင့် ထုတ်ဖော်ပြောဆိုလိုက်သည်။
“အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးနဲ့ တာဝန်ရှိသူတွေဟာ မြန်မာ့နိုင်ငံရေးအခက်အခဲကိုဖြေရှင်းနိုင်ဖို့ ငါးလအတွင်းမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းများနဲ့ ၇၅ ကြိမ်ခန့် စေ့စပ်ဆွေးနွေးခဲ့တယ်။ ဒီစေ့စပ်ဆွေးနွေးမှုတွေထဲမှာ နစက၊ NUG နဲ့ အခြားအဖွဲ့အစည်းတွေ ပါဝင်ခဲ့တယ်။ ၄၂ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအပြီးမှာ စေ့စပ်ဆွေးနွေးမှုတွေကို အလျင် အမြန်လုပ်ဆောင်ခဲ့တာဖြစ်တယ်”ဟု Ngurah Swajaya က ပြောသည်။
၎င်းက “စေ့စပ်ဆွေးနွေးမှုတွေလုပ်ဆောင်ရာမှာ မြန်မာ့နိုင်ငံရေးအခက်အခဲမှာ ပါဝင်နေတဲ့အဖွဲ့အစည်းတစ်ခုတည်းနဲ့ တွေ့ဆုံဆွေးနွေးတာက အာဆီယံသဘောတူညီချက်ငါးချက်နဲ့ ကိုက်ညီမှုမရှိဘူး။ ၄၂ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ အာဆီယံအဖွဲ့ခေါင်းဆောင်တွေဟာ မြန်မာ့နိုင်ငံရေးကိုဖြေရှင်းနိုင်အောင်ကူညီပေးဖို့နဲ့ မြန်မာကိုယ်တိုင် ဦးဆောင်မယ့် မြန်မာကိုယ်ပိုင်ဖြစ်စေမယ့် ငြိမ်းချမ်းရေးအဖြေရှာနိုင်ဖို့ အာဆီယံသဘောတူညီချက်ငါးချက်ကို အဓိကရည်ညွန်းလုပ်ဆောင်စရာအဖြစ် သဘောတူညီခဲ့တယ်” ဟုပြောသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သော Mr Nantiwat Samart က မြန်မာနိုင်ငံကို အာဆီယံအဖွဲ့မှ ဖယ်ထုတ်ထားခြင်း သို့မဟုတ် အထီးကျန်ဖြစ်အောင်မလုပ်ဆောင်သင့်ကြောင်း ပြောဆိုထားသည်။
အင်ဒိုနီးရှားအစိုးရအနေဖြင့် မြန်မာနိုင်ငံ၏အခြေအနေများကို ကောင်းမွန်လာအောင် ကြိုးပမ်းမှုများဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ညီညွတ်မှုများရှိရန် အရေးကြီးကြောင်း အင်ဒိုနီးရှားအစိုးရတာဝန်ရှိသူတစ်ဦးကပြောသည်။
၎င်းက ” မြန်မာ့နိုင်ငံရေးကိုဖြေရှင်းနိုင်အောင် အာဆီယံအဖွဲ့ဝင် နိုင်ငံအားလုံး ကူညီထောက်ပံ့ပေးမှသာ တိုးတက်မှုရှိမယ်လို့ ယုံကြည်တယ် ” ဟု ပြောသည်။
Ref——-straitstimes