၂၁. ၆. ၂၀၂၃
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ဆက်ဆံရေးတည်ငြိမ်ကောင်းမွန်စေရန်ရည်ရွယ်၍ အမေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး အန်တိုနီ ဘလင်ကန်က တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့သည့်ခရီးစဉ်အပြီး နောက်တစ်ရက်မှာပင် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က နှစ်နိုင်ငံအကြား တရားဝင်ဆက်ဆံရေးများထူထောင်ခဲ့ပြီးနောက် တရုတ်အစိုးရ၏ ပြောကြားချက်များက အဆိုးရွားဆုံးအခြေအနေတွင် ရှိနေကြောင်းနှင့် တရုတ်သမ္မတ ရှီကျင့်ဖိန်က အာဏာရှင်တစ်ဦးသာဖြစ်ကြောင်း ဇွန်လ ၂၀ ရက်တွင် စွပ်စွဲပြောကြားခဲ့သည်။
ဂျိုးဘိုင်ဒန်က သူလျှိုပူဖောင်းဟု သံသယရှိသည့် တရုတ်မိုးပျံပူဖောင်းတစ်လုံးကို အမေရိကန်လေပိုင်နက်အတွင်း ၂၀၂၃ ခုနှစ် အစပိုင်းတွင် ပစ်ချခံခဲ့ရပြီးနောက် ရှီမှာ ရှက်ကိုးရှက်ကန်းနှင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရကြောင်း တရုတ်နိုင်ငံခေါင်းဆောင်အပေါ် ဝေဖန်ပြောကြားမှုပြုလုပ်ခဲ့သည်။
တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်ရန် အမေရိကန်အစိုးရက ကြိုးစားနေသည့်အချိန်တွင် တစ်ဖက်က မော်စီတုံးပြီးနောက် တရုတ်နိုင်ငံ၏ ဩဇာအာဏာအကြီးမားဆုံး ခေါင်းဆောင်ဖြစ်ကာ အစဉ်အလာကို ချိုးဖောက်၍ သမ္မတအဖြစ် တတိယသက်တမ်းနှင့် ကွန်မြုနစ်ပါတီ ခေါင်းဆောင်အဖြစ်ပါ ရယူထားသည့် တရုတ်သမ္မတ ရှီကျင့်ဖိန်အား အမေရိကန်သမ္မတက မည်သည့်အတွက် တိုက်ခိုက်ပြောကြားခဲ့သနည်း ဆိုသည်မှာ ရှင်းရှင်းလင်းလင်းမရှိဟုဆိုရမည်ဖြစ်သည်။
ဂျိုးဘိုင်ဒန်က “ကားနှစ်စီးစာလောက် အရွယ်ရှိပြီး အထဲမှာထောက်လှမ်းရေးကိရိယာတွေ အပြည့်ပါတဲ့ တရုတ်မိုးပျံပူဖောင်းကို ကျွန်တော်ကပစ်ချစေခဲ့တော့ ရှီကျင့်ဖိန်အရှက်ရစိတ်အနှောင့်အယှက်ဖြစ်သွားရတဲ့အကြောင်းက သူ့အနေနဲ့ ဒီမိုးပျံပူဖောင်း ဒီအထိရောက်လာတာ မသိခဲ့တဲ့အတွက်ကြောင့်ပဲ” ဟု ကယ်လီဖိုးနီးယားပြည်နယ်တွင် ပြုလုပ်သော ရန်ပုံငွေရှာဖွေပွဲတစ်ခု၌ ပြောခဲ့သည်။
၎င်းကဆက်လက်၍ “ဒါကတော့ အာဏာရှင်တွေအတွက် ရှက်ကိုးရှက်ကန်းဖြစ်ရတဲ့ ကိစ္စပေါ့။ ဘာဖြစ်နေသလဲဆိုတာ သူတို့မသိခဲ့ကြဘူး။ တကယ်လက်တွေ့မှာ ဒီမိုးပျံပူဖောင်းက ပစ်ချခံခဲ့ရပြီ” ဟု ပြောကြားခဲ့သေးသည်။
ထို့ပြင် ဂျိုးဘိုင်ဒန်က တရုတ်နိုင်ငံအနေနှင့်လက်တွေ့တွင် စီးပွားရေးအခက်အခဲများကို အမှန်တကယ် ရင်ဆိုင်နေရကြောင်းလည်း ပြောခဲ့သေးသည်။ တရုတ်သမ္မတရှီ အနေဖြင့် ဂျိုးဘိုင်ဒန်၏ ပြောကြားချက်များအပေါ် တစ်စုံတစ်ရာတုံ့ပြန်မှု မပြုခဲ့သေးသော်လည်း တရုတ်အစိုးရအနေဖြင့် ဘလင်ကန်၏ ဆွေးနွေးပြောကြားမှုများအပေါ် ကောင်းစွာမှတ်သားတုံ့ပြန်လိုဟန်မရဘဲ ၎င်းတို့နှစ်နိုင်ငံဆက်ဆံရေးကို တည်ငြိမ်သောအခြေအနေသို့ ပြန်လည်ရောက်ရှိရေးလာနိုင် ကြိုးပမ်းအားထုတ်မှုများမှာ ထိခိုက်မှုများရှိနိုင်သည်ဟုသာ သုံးသပ်ကြသည်။
တရုတ်သမ္မတ ရှီ နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်တို့ ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြရာ၌ နှစ်ဦးစလုံးက နှစ်နိုင်ငံအကြားတင်းမာနေသော ပြိုင်ဆိုင်မှုကို တည်ငြိမ်မှုရှိစေရန်သဘောတူခဲ့ကြ၍ ပဋိပက္ခအသွင်မဆောင်ခဲ့သော်လည်း ဆွေးနွေးပွဲတွင် တိုးတက် ပြောင်းလဲမှုတစ်စုံတစ်ရာကိုမူ ထူးထူးခြားခြားမရရှိခဲ့ကြပေ။ ဆွေးနွေးပွဲတွင်သံတမန် ဆိုင်ရာထိတွေ့ဆက်ဆံမှုများနှင့် အမေရိကန်အစိုးရအရာရှိများ၏ တရုတ်နိုင်ငံသို့ခရီးစဉ်များကို လာမည့် ရက်သတ္တပတ်များနှင့် လများအတွင်း ပြုလုပ်သွားရန်ကို သဘောတူခဲ့ကြသည်။
ဂျိုးဘိုင်ဒန်က ဇွန်လ ၁၉ ရက်တွင်ပင် နှစ်နိုင်ငံအကြားဆက်ဆံရေးများက လမ်းကြောင်းအမှန်ပေါ် ပြန်ရောက်ခဲ့ပြီဟု ထင်ပါကြောင်း သို့သော်တိုးတက်မှုကို ဘလင်ကန်ခရီးစဉ်အတွင်း ညွှန်ပြရလိမ့်မည် ဖြစ်ကြောင်း ပြောခဲ့သေးသည်။ ဇွန်လ ၂၀ ရက်တွင် ၎င်းက ရှီနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေကြောင်း၊ သို့သော်မိမိက Quad အဖွဲ့နှင့်အတူ တရုတ်နိုင်ငံကို ဝိုင်းရံထားရန် အမေရိကန်ကကြိုးစားမည်မဟုတ်ဟု ရှီ ကိုပြောခဲ့သေးကြောင်း ပြောခဲ့သေးသည်။
ထို့နောက်တွင်မူ ၎င်းကတရုတ်သမ္မတ ရှီကျင့်ဖိန်အား အာဏာရှင်အဖြစ် စွပ်စွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
Ref—Reuters